Tuesday, February 2, 2010

ဘုရားသခင့်အလိုတော်

ဘုရားသခင့်အလိုတော်
ဂါးနက် ရစ်ကလစ် (ဗြိတိန်)

၁။
“ဇူလီကာ” ဆိုသည့်သူငယ်မကလေးကိုခရစ်ယာန်ဘုန်းကြီး “တွမ်လင်ဆင်” ပထမဦးဆုံး အကြိမ်မြင်ဖူးစဉ်က ဇူလီကာသည် အသက် တစ်ဆယ့်ခြောက်နှစ်မျှသာ ရှိသေးသည်။ ပျိုမျစ် လတ်ဆတ်သည်။ နတ်သမီးလေးတစ်ပါးလိုလည်းလှသည်။ “ဒစ်ကန်”ရွာလည်ကုလားအုတ်စခန်းကွက်လပ်တွင်ဝိုင်းကြီးဖွဲ့ကာကခုန်နေကြသောအာရပ်လုလင်များ လုံမများအနက်ထူးခြားစွာ လှပနေသည့် ဇူလီကာကို တွမ်လင်ဆင် သတိမူမိခြင်းဖြစ်သည်။ ဇူလီကာကိုလက်ညှိုးညွှန်ရင်း တွမ်လင်ဆင်သည် သူ့စကားပြန်အား မေးလိုက်သည်။

“ဟောဟို သူငယ်မလေးက ဘယ်သူလဲကွယ့်”

တွမ်လင်ဆင်၏စကားပြန်သည် ပါသျှအမျိုးသားဖြစ်သည်။ နာမည်က ဆာဒူဒင်။ အေဒင်အရပ် နှင့်အိုမန်အရပ်အကြား ကူးသန်းသွားလာနေသော ကုလားအုတ်တကောင်စီ၏ အမည်ကိုပင် သိသည်ဟုကြွားဝါလေ့ရှိသည်။

“အဲဒီကောင်မလေးလားသခင်၊ လှေစပ်သမားအိုမာဟေထန်အော်ဒါလီရဲ့ သမီးကလေးပါ၊ “အာလီဗတ်” ဆိုတဲ့သူငယ်လေးနဲ့ တိတ်တိတ်လေးမြန်းထားတယ်လို့ ပြောနေကြတာပဲ၊ အာလီဗတ် ဆိုတာ ဟောဟိုက အရပ်ရှည်ရှည်နဲ့ သူငယ်ပဲ၊ ကောင်မလေးရဲ့ ညာဘက်မှာ မတ်တပ်ရပ်နေတာလေ”

တွမ်လင်ဆင်သည် အာရပ်တောင်ပိုင်းသို့ သာသနာပြုမစ်ရှင်ကိစနှင့် ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျ တောင်ဘက်ကမ်းခြေ တလျှောက်တက်လာရင်း ဒစ်ကန်ရွာလေးသို့ရောက်လာသည်။ ဒစ်ကန်သည် မက်ဟူလာနယ်နှင့် ဟာဒရာမွတ်နယ်၏ အစပ်တွင် တည်သည်။တွမ်လင်ဆင်သည် သူ့ခရီးစဉ်ကို အတော်သဘောကျနှစ်ခြိုက်သည်။ အာရပ်အမျိုးသားများသည် အတော်နှစ်လိုဖွယ် ကောင်းသည်။ အထူးသဖြင့် အာရပ်ပျိုပျိုရွယ်ရွယ်များသည် ရုပ်ရည်လှပ ချောမွေ့ကြသည် ကိုလည်း တွမ်လင်ဆင် သတိထားမိသည်။

“ဒီသူငယ်ကလေးကလည်း ရုပ်ဖြောင့်သားပဲ၊ သြော်….ဒါထက် နေပါဦး ဒစ်ကန်က လူတွေဟာ အော်ဒါလီ အမျိုးအနွယ်ထဲက မဟုတ်လား”

“ဟုတ်ပါတယ်ခင်ဗျာ၊ အော်ဒါလီအနွယ်တွေပါပဲ၊ သူတို့အားလုံးဟာ ခဲပစ်သမားတွေပါ၊ သူတို့တတွေဟာ တရားစီရင်တဲ့ အခါမှာခဲနဲ့ပစ်ပြီး စီရင်တတ်ကြတာမို့ ခဲပစ်သမားတွေအဖြစ် လူသိများကြပါတယ်၊ အခုသူတို့ကနေတဲ့ အကဟာလည်း ခဲပစ် တရားစီရင်ပုံ အကပဲဖြစ်ပါတယ်။ သေသေချာချာကြည့်လိုက်စမ်းပါ သခင်ကြီး၊ သူတို့ဝိုင်းရဲ့ အလယ်မှာ ကျောက်တုံးတတုံး တွေ့ရဲ့ မဟုတ်လား၊ အဲဒီ့ကျောက်တုံးဟာ တရားစီရင်ခံရတဲ့ တရားခံကို လည်ပင်းအထိမြေမှာမြှုပ်ပြီး ခေါင်းကိုသာဖော်ထားရတဲ့ သဘောကို ပုံတူပြုထားတာပါ”

တွမ်လင်ဆင်သည် စကားပြန်၏ စကားကိုကြားရသောအခါ တွန့်သွားသည်။ ဤရေခြားမြေခြား အရပ်သည်လှပသည်မှန်သော်လည်း ကြမ်းကြုတ်ရက်စက်မှုများလည်း ရှိနေသေးသည်ဟု တွေးနေမိသည်။ အာရပ်တောင်ဘက်ပိုင်းသို့ ခရီးမထွက်လာမီ အေဒင်ရှိ သာသနာပြဌာနချုပ်က တရားစီရင်ရာတွင် ခဲနှင့်ပစ်ပေါက်၍ တရားစီရင်လေ့ရှိသော လူမျိုးနွယ်များ အကြောင်း ပြောခဲ့ဖူးသည်။

“အသည်းထိတ်စရာပဲ၊ လူတစ်ယောက်ဟာ အပြစ်မဲ့သည်ဖြစ်စေ၊ အပြစ်ရှိသည်ဖြစ်စေ ကိုယ်ကိုမြေမှာမြှုပ်လိုက်ကတည်းက သေတော့မှာ အသေအချာပဲ၊ ဒီတော့ဒါဟာ တရားစီရင်ရာ ရောက်ပါတော့မလား၊ ငါတော့ တရားစီရင်တာထက် လူသတ်တာလို့ ပြောရင် ပိုမှန်မယ်ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ မင်းသိတဲ့အတိုင်း အော်ဒါလီတွေဟာ ပျံနေတဲ့ ငှက်ကိုခဲနဲ့ပစ်ချနိုင်အောင်၊ ပြေးနေတဲ့မြင်းရဲ့ခြေကို ခဲနဲ့ပစ်ချိုးနိုင်အောင် လေ့ကျင့်ထား လို့ပဲကွ”

“ သခင်ကြီး ပြောတာလည်းဟုတ်ပါတယ်၊ ဒါပေမယ့် သူတို့ခဲနဲ့ပစ်တိုင်း မှန်ဖို့ မမှန်ဖို့ ဆိုတာတော့ အလ္လာ ဘုရားသခင်ရဲ့ အလိုတော်အရပါ သခင်ကြီး၊ ကုလားအုတ်တွေကို ရေရှိရာညွှန်ပြနိုင်တဲ့ ဘုရားသခင်ဟာ ပစ်လိုက်တဲ့ခဲလုံးတွေကိုပစ်မှတ်မှာ ထိအောင် …မထိအောင်စွမ်းဆောင်နိုင်ပါတယ်၊ တရားခံလို့ အစွပ်စွဲခံရသူ တစ်ယောက်ဟာ အပြစ်မရှိဘူးဆိုရင် အလ္လာ ဘုရားသခင်ကိုအားကိုးရမှာပဲ”

တွမ်လင်ဆင်သည် သူ့စကားပြန်နှင့် စကားပြိုင်ဖို့အကျပ်ဆိုက်နေစဉ် ဇူလီကာသည် ကုလားအုတ်ချေးခြောက်နှင့် အာလီဗတ်ကိုပစ်ပေါက်ကျီစယ်လိုက်ရာ အာလီဗတ်သည် ရယ်မော၍ ဇူလီကာပြေးရာနောက်သို့ပြေးလိုက်သည်။ ဇူလီကာသည် ကခုန်နေသူတွေကို ပတ်ကာပြေးသည်။ အာလီဗတ်က စနိုက်ငှက်ကလေးနောက်သို့ လိုက်နေသောသိန်းငှက်ပမာ အတင်းပြေးလိုက်သည်။ ကခုန်သူတို့က ခြေကိုမြှောက်ကြွပြီး လက်ခုပ်တီးကာ ပါးစပ်မှ “အူလာ…အူလာ…အူလာ” ဟု စည်းချက်ညီညီ သီဆိုနေသည့်ကြားမှ ဇူလီကာ၏ ရယ်သံ၊ အာလီဗတ်၏ တဟီးဟီး..တဟဲဟဲ ရယ်သံတို့ကိုပါ ကြားနေရသည်။ အာလီဗတ်သည် ဇူလီကာကို မိတော့မည့်ဆဲဆဲ၌ ဇူလီကာသည် ကိုယ်ကလေးကို တွန့်လိမ် ရှောင်ရှားလိုက်ပြီး တွမ်လင်ဆင်ရှိရာဘက်သို့ ပြေးထွက်လာသည်။ ထို့နောက် တွမ်လင်ဆင်ကို ပုဏ္ဏားတိုင် သဖွယ်ထားကာ ပတ်ချာလှည့် ပြေးနေလေတော့သည်။ ပြေးရင်းရယ်လိုက်၊ ရယ်ရင်းပြေးလိုက် လုပ်နေကြသူနှစ်ဦးသည် တွမ်လင်ဆင်ကို မျက်နှာဖြူ သူစိမ်းတရံဆံ ပါလားဟုပင် မသိမြင်တော့ချေ။ တွမ်လင်ဆင်ကလည်း သူ့ကိုယ်ကို ပတ်ချာလှည့်ပြေးနေသူ သူငယ်မကလေးနှင့် သူငယ်ကလေးတို့ကိုကြည့်ရင်း မဖော်ပြနိုင်လောက်အောင် ကြည်နူးနေမိသည်။ သဲကန္တာရမှ သားပျိုသမီးပျို နှစ်ဦး၏ ကြည်လင်သန့်စင်သော၊ အချစ်ရည်ရွှန်းလဲ့သော ရယ်သံကပင် တွမ်လင်ဆင်၌ ကြည်နူးခြင်းဖြစ်စေသလော။ ဤသားပျို သမီးပျိုတို့ကို ကာကွယ်စောင့်ရှောက်ရမည်၊ မြတ်နိုးကြင်နာရမည်၊ တရားမျှတမှု၊ ကြင်နာသနားမှု၏ အတိမ်အနက်ကို သင်ပြရမည်…စသည် စသည်တို့မှာ ငါ့တာဝန်ပါကလား ဟူ၍လည်း တွမ်လင်ဆင်တွေးနေမိသည်။

၂။

နောက်တစ်နှစ်ကြာသောအခါ အေဒင်မြို့ရှိ သာသနာပြုမစ်ရှင် အဖွဲ့က တွမ်လင်ဆင်ကို ဒစ်ကန်အရပ်ဘက်သို့ထပ်မံ စေလွှတ်ပြန်သဖြင့် ရောက်လာရပြန်သည်။ ဤအခေါက်တွင်မူ တွမ်လင်ဆင်၏ ခရီးဖော်သည် ပါသျှပြည်သား စကားပြန်မဟုတ်တော့ဘဲ ဗြိတိသျှ အမျိုးသားတစ်ဦး ဖြစ်သည်။ နာမည်က မေဂျာဂရန့်။ မေဂျာဂရန့်သည် အာရေဗျတောင်ပိုင်း လဲဗျီးတပ်မှ ဗိုလ်မှူးဖြစ်သည်။ တွမ်လင်ဆင်သည် သူနှင့်မူမတူသော မေဂျာဂရန့်ကို ခရီးဖော်အဖြစ်လက်ခံရန်ဝန်လေးလှသော်လည်း မစ်ရှင်အဖွဲ့က ထည့်ပေးလိုက်သည်ဖြစ်၍ မငြင်းသာပဲလက်ခံခဲ့ရသည်။ မေဂျာဂရန့်သည် ပိန်ပိန်ပါးပါး၊ စကားနည်းသော သူတယောက်ဖြစ်သည်။ စကားနည်းပေမယ့် အရက်များများ သောက်တတ်သူလည်း ဖြစ်သည်။ အာရပ် အမျိုးသားများ အကြောင်းကို နောကျေအောင်သိထားသူ၊ အာရပ် အမျိုးသားများနှင့်ပြေလည်အောင် ဆက်ဆံတတ်သူဟု ဗြိတိသျှစစ်ဘက် အသိုင်းအဝိုင်း၌ နာမည်ထွက်နေသူဖြစ်သည်။
တွမ်လင်ဆင်နှင့်မေဂျာဂရန့်တို့သည် ဒစ်ကန်ရွာသို့ခြေကျင်ရောက်လာကြသည်။ ဒစ်ကန်သို့ ရောက်ပြန်တော့လည်း တွမ်လင်ဆင်သည် ယမန်နှစ်က ဤရွာတွင် သူကြုံခဲ့ရသည့် အဖြစ်များကို ပြန်လည်အမှတ်ရနေမိသည်။

“မနှစ်က ကျုပ်ဒီရွာကိုရောက်တုန်းကပေါ့ဗျာ၊ ကောင်ကလေးတွေ ကောင်မလေးတွေ ကုလားအုတ်စခန်းမှာ ဝိုင်းဖွဲ့ကနေတာ တွေ့ရတယ်ဗျ၊ သူတို့တွေထဲက ကလေးမလေး ချောချောတယောက်နဲ့ ကောင်ကလေးတယောက်ရယ်ဗျာ.. ကျုပ်ကိုပတ်ချာလှည့်ပြီး ပြေးရင်းရယ်လိုက်… ရယ်ရင်းပြေးလိုက် လုပ်နေတာများ ခင်ဗျားမြင်စေ့ချင်တယ်။ ဒါပေမယ့်ဗျာ..သူတို့ကနေတဲ့ အကကို ဘာအကလဲလို့မေးကြည့်တော့မှ ကျုပ်ဖြင့် အူတုန် အသည်းတုန်နိုင်သွားတာပဲ”

“သူတို့တစ်တွေရဲ့အကအားလုံးဟာ သူတို့ရဲ့ဓလေ့ထုံးတမ်း တစ်ခုခုကို သင်္ကေတ လုပ်ထားတာတွေပဲကိုယ်တော်၊ ကိုယ်တော်တွေ့တယ်ဆိုတာ ဘာအကလဲ၊ သတို့သား ခန်းဝင်ပွဲ အကများလား” မေဂျာဂရန့်ကပြောသည်။

“မဟုတ်ဘူးဗျ၊ ခဲတရားစီရင်ခန်း အကတဲ့ဗျာ၊ သဲထဲမှာ တစ်ဝက်ကျော် မြုပ်နေတဲ့ကျောက်တုံးကို တရားခံရဲ့ဦးခေါင်း လုပ်ပြီးခဲနဲ့ပစ်သတ်တဲ့ အကမျိုး ဗျ”

“အင်း…ဟုတ်ပြီ….ဟုတ်ပြီ၊ ခဲတရားစီရင်တယ်ဆိုတာ အော်ဒါလီ အမျိုးအနွယ်တွေရဲ့ အရိုးစွဲနေတဲ့ အစဉ်အလာတစ်ခုပဲ”
“အရိုးစွဲတာ မစွဲတာတော့ ကျုပ်ဂရုမစိုက်ပါဘူးဗျာ၊ ဒီလိုတရားစီရင်တာဟာ ရက်စက်ရာ မကျပေဘူးလား၊ ဘာကြောင့်များ ဗြိတိသျှ အာဏာပိုင်တွေက ဒီလောက် ရက်စက်တဲ့ အလေ့ကိုမတားမြစ်သလဲ မသိဘူး” တွမ်လင်ဆင်က မကျေမချမ်းပြောနေသည်။

“ဘာကြောင့်မတားသလဲ ဆိုရင် ဒီ အော်ဒါလီအမျိုးအနွယ်တွေ အပေါ်မှာ ဗြိတိသျှတွေက အာဏာမပိုင်လို့ပဲကိုယ်တော်၊ နောက်ပြီးသေသေချာချာစဉ်းစားကြည့်ရင် ဒီတရားစီရင်နည်းဟာ သိပ်ပြီးရက်စက်ရာမကျလှပါဘူး”

“ဘယ်လိုပြောလိုက်တာလဲ မေဂျာ”

“နေပါဦးကိုယ်တော်၊ ပြောပါရစေဦး၊ တရားခံရယ်လို့ အစွပ်စွဲခံရသူ တစ်ယောက်ရဲ့ ဦးခေါင်းခွံဟာ မာကျောတယ်ဆိုရင် လွတ်လမ်းရှိတယ် မဟုတ်လား၊ ခဲနဲ့ပစ်သတ်လို့မှ မသေရင် အလ္လာအရှင်က ဒီလူဟာ အပြစ်မဲ့သူဖြစ်တယ်လို့ အဆုံးအဖြတ်ပေးတာနဲ့အတူတူမို့ ဒီလူကိုလွှတ်ပစ်ရတာပဲ။ ကြိုးပေးတာတို့၊သေနတ်နဲ့ပစ်သတ်တာတို့က လွတ်လမ်းမရှိလှဘူး”

“ဧကန္တ ဒီလောက်ရက်စက်တဲ့ ဓလေ့ကို ခင်ဗျားသဘောကျနေပုံရတယ်” တွမ်လင်ဆင်က ထေ့ငေါ့လိုက်သည်။

“ဆိုပါတော့လေ၊ ဒိတရားစီရင်နည်းဟာ လက်တွေ့ကျတယ်၊ အခြေအနေနဲ့ အံဝင်ခွင်ကျတယ်၊ ဒီအရပ်မှာ သစ်သားသိပ်ရှားတယ်၊ ဒါကြောင့် ကြိုးစင်တွေမဆောက်နိုင်ဘူး၊ သေနတ်နဲ့ပစ်သတ်ရအောင်ကလည်း ကျည်ဆန်ဟာ ရွှေထက်တောင်ရှားသေးတယ်၊ ဒီတော့ ရာဇဝတ်သားကို ခဲနဲ့စာရင်းရှင်းတာဟာ အကောင်းဆုံးနည်းပဲ၊ ကိုယ်တော်က ဒီနည်းကိုမကြိုက်ဘူးဆိုတော့ ဘာနည်းရှိသေးလဲ၊ လည်ပင်းကို လက်နဲ့ညှစ်သတ်ရမှာလား”
“ကျုပ်က ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမှုမှန်သမျှကို သဘောကျတဲ့သူမှ မဟုတ်တာ”
“အာရပ် အမျိုးသားတွေဟာ အသက်သေမှာထက် ထောင်ကျရမှာကို ပိုကြောက်သေးတယ်၊ အကောင်းဆုံးကတော့ လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းတွေမှာ သူစိမ်းတရံဆံက ဝင်ပြီးမစွက်ဖက်တာပဲ”
မေဂျာဂရန့် အဘယ်ကြောင့် ဒီစကားမျိုးထွက်သည်ကို တွမ်လင်ဆင် တွေးနေမိသည်။ သူ့လဲဗျီးတပ်တွင် အော်ဒါလီမျိုးနွယ်မှ လဲဗျီးများသည် အားကိုးအားထားပြုရသော တပ်သားများဖြစ်သည်။ ထို့ကြောင့် အော်ဒါလီ မျိုးနွယ်များနှင့် မေဂျာဂရန့်သည် စကားများလိုမည် မဟုတ်ဟု တွမ်လင်ဆင်တွေးနေမိသည်။

ညနေပိုင်းသို့ရောက်သောအခါ တွမ်လင်ဆင်သည် ဒစ်ကန်ရွာထဲသို့ လှည့်ပတ်ကြည့်သည်။ ကခုန်မြူးတူးနေသော ဇူလီကာနှင့် အာလီဗတ်တို့ကို တွေ့များတွေ့နေဦးမည်လားဟု စိတ်ကထင်နေသည်။ ဒစ်ကန်ရွာကလေးသည် တိတ်ဆိတ် နေလွန်းလှသည်ဟု တွမ်လင်ဆင် ထင်မိသည်။ တခုခုတော့ ထူးခြားပြီ။ ရွာလယ်ရှိ ကုလားအုတ်စခန်းသို့ ရောက်သောအခါ တွမ်လင်ဆင်သည် လူတစ်စုကိုတွေ့ရသည်။ သူတို့သည် ကခုန်မနေ။ ကျင်းနှစ်ကျင်းကို တူးနေသည်။ တစ်ကျင်းနှင့် တစ်ကျင်း အလှမ်း သိပ်မဝေးလှ။ ဘုန်းတော်ကြီး တွမ်လင်ဆင်သည် ကျင်းနှစ်ကျင်းကို မြင်သောအခါ လူသေမြှုပ်ဖို့ပေလားဟု တွေးမိသည်။ အာရပ်တို့သည် လူသေမြှုပ်သောအခါ မတ်ရပ် မြှုပ်လေ့ရှိသည်။ မျက်နှာကို “မက္ကာ” ဘက်သို့မျက်နှာမူ၍ မြှုပ်သည်ကို သူသိထားပြီးဖြစ်သည်။

“ဘာကျင်းလဲ” ဟု တွမ်လင်ဆင် မေးလိုသည်။ သို့သော်မေးလိုစိတ်ကိုချိုးနှိမ်ရသည်။ အဘယ်ကြောင့်ဆိုသော် အာရပ်အမျိုးသားတို့သည် ကိုယ်နှင့်မဆိုင်သည့် ကိစ္စများ၌ အမေးအမြန်း ထူသည်ကို သဘောကျသည်မဟုတ်။ တွမ်လင်ဆင်သည် ခပ်လှမ်းလှမ်းမှ ရပ်ကာ လုပ်ကိုင်နေသည်ကိုစောင့်ကြည့်မိသည်။ ရွာလယ်ကောင်၌ လူသေမြှုပ်ဖို့ ကျင်းတူးသည် ဆိုသည်မှာ အတော်စဉ်းစားရကျပ်သည်။ ရွာ ဗလီကျောင်းအနားတွင်ရှိသော သင်္ချိုင်းသို့ အသေကောင်ကို ဘာကြောင့်များ ယူမသွားကြပါလိမ့်။
နေစွယ်ကျိုး၍ နေခြည်ညှိုးစပြုလာချိန်တွင် ဝန်ထုပ်အလေးအလံတင်ထားသော ကုလားအုတ်နှစ်ကောင်ကို လူတစ်ယောက်က ကျင်းနှစ်ကျင်းဆီသို့ဆွဲလာသည်။ ကျင်းဝသို့ရောက်သော အခါ ကုလားအုတ်များကိုဝပ်စေပြီး ကုလားအုတ်များပေါ်မှ အထုပ်နှစ်ထုပ်ကို လူတစ်စုက ပင့်ချသည်။ ကျောက်မီးသွေးအိတ်များ ပေလားဟု တွမ်လင်ဆင် ထင်နေသည်။ မဟုတ်။ အသားအရေ လတ်ဆတ်ဖြူဖွေးသော လူသားနှစ်ဦးသာဖြစ်သည်။ တွမ်လင်ဆင် တည့်တည့်မြင်မှ ရိပ်မိပေပြီ။ ခဲတရား စီရင်ခံရမည့်သူ နှစ်ဦး ပါကလား။

တွမ်လင်ဆင်၏ နှလုံးသားသည် ချောက်ချားလာသည်။ မကြည့်လို မမြင်လို စိတ်ဖြင့် သူနှင့် ဂရန့်တို့ စခန်းချရာ ရွက်ဖျင်တဲဆီသို့ ပြန်လှည့်လာလေသည်။ တဲထဲတွင် ဂရန့်ရှိနေသည်။ ခုတင်အစွန်းတွင်ထိုင်ရင်းဆေးတံသောက်နေသည်။ လက်တဖက်တွင်ခွက်တစ်ခွက် ကိုင်ထားသည်။ ဝီစကီခွက်။ ဂရန့်နှင့် မျက်နှာချင်းဆိုင်တွင် အော်ဒါလီ အမျိုးသားတစ်ဦးရောက်နေသည်။ ဂရန့်နှင့်သူ စကားပြောနေသည်။ ထိုသူကား ဒစ်ကန်အရပ်မှာ ရှိတ်(သူကြီး) ဖြစ်သည်။ ငွေရိုးတပ် ဓါးကို ဓါးအိမ်နီရဲရဲ၌ ထည့်ထားပြီးခါးတွင်ချိတ်ထားသည်။ ရှိတ် (သူကြီး) များ၏ အဆောင်အယောင်ဖြစ်သည်။ သူ့နာမည်မှာ “အဗ္ဗဒူခန်” ဖြစ်သည်။ အဗ္ဗဒူခန်သည် ကြီးမားတောင့်ခိုင်သော ကိုယ်ခန္ဓာ ရှိသူဖြစ်သည်။ ထူထဲသော မုတ်ဆိတ်၊ ပါးသိုင်းမွေးများရှိသည်။ မျက်လုံးတွင် မျက်ရစ်ဝန်းများရှိနေပြီ။ မနှစ်ကလည်း အဗ္ဗဒူခန်ကို တွမ်လင်ဆင်တွေ့ခဲ့ဖူးသည်။ သူသဘောသိပ်မတွေ့လှ။ အဗ္ဗဒူခန်၏ အပြုံးသည် လျော့ရဲလွန်းသည်။ တန်ဖိုးမရှိလှ ဟု ထင်သည်။ အင်္ဂလိပ်စကား ကပေါက်တိ ကပေါက်ချာပြောပြီး အင်္ဂလိပ် စီးကရက်ကိုကြိုက်တတ်လွန်း လှသည်ဟု တွမ်လင်ဆင်ထင်နေမိသည်။ အဗ္ဗဒူခန်သည် တွမ်လင်ဆင် တဲထဲသို့ ဝင်လာသည်ကိုတွေ့သောအခါ ထိုင်ရာမှထ၍ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ နောက်ပြီး သူထိုင်နေသောကုလားထိုင်ကို တွမ်လင်ဆင်အား ထိုးပေးသည်။

တွမ်လင်ဆင်သည် ကုလားထိုင်ထိုးပေးသည်ကိုပင် သတိမမူအားတော့ပဲ မေဂျာဂရန့်ဘက်သို့ စူးစိုက်ကြည့်ကာ-
“သူတို့တစ်တွေ ရွာထဲမှာ ခဲတရားစီရင်ဖို့ ပြင်နေကြတယ်၊ အဲဒါ ခင်ဗျား တားပေးစမ်းပါ” ဟု ကသောကမျော ပြောချလိုက်လေသည်။

အဗ္ဗဒူခန်၏ မျက်နှာမှ ပျော်ရွှင်မှုအရိပ်အယောင်များ ရုတ်တရက်ကွယ်ပျောက်သွား သဖြင့် သူ့မျက်နှာတခုလုံးတွင် ဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့သည်။ မေဂျာဂရန့်သည်လည်း တွမ်လင်ဆင်ကို ရုတ်တရက် စကားမပြန်နိုင်အောင်ဖြစ်သွားရသည်။ အတန်ကြာမှ-
“ဘာမှ မတတ်နိုင်ဘူးကိုယ်တော်၊ ဘာဆိုဘာမှ မတတ်နိင်ဘူး၊ အခုပဲ ဟောဒီက ရှိတ်အဗ္ဗဒူခန်နဲ့ ဒီကိစ္စကိုပြောနေသေးတယ်၊ ရှိတ်အဗ္ဗဒူခန် ပြောပြသလောက်တော့ အမှုကခိုင်လုံနေတော့ အလ္လာအရှင်မြတ်ရဲ့ အလိုတော် အတိုင်းပဲလို့ထားရတော့မှာပဲ” ဟု ဂရန့်က အေးဆေးစွာ ပြောသည်။

“ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်တာမျိုးကို ဘုရားသခင်ရဲ့ အလိုတော်လို့ ခင်ဗျားက ထင်နေသလား”
တွမ်လင်ဆင်က စိတ်ဆိုးမာန်ဆိုး ပြောသည်။ ထိုအခါတွင် အဗ္ဗဒူခန်သည် မနေသာတော့ပဲ တွမ်လင်ဆင်ကို အကျိုးအကြောင်းပြောပြ၍ ဖျောင်းဖျသည်။

“ဒီလိုရှိပါတယ် သခင်၊ တရားခံနှစ်ယောက်ဟာ အော်ဒါလီ အမျိုးအနွယ်တွေ အသေအချာ အတိအကျ လိုက်နာရမယ့် ဥပဒေကိုချိုးဖောက်ခဲ့ကြပါတယ်။ ကောင်မလေးရဲ့ အဖေဟာ ကောင်မလေးနဲ့ မူဆကတ်မြို့က ဟာဆန်နီအနွယ် တစ်ယောက်ကို ပေးစားပါ့မယ်လို့ ကတိကဝတ်ထားခဲ့ပါတယ်၊ ဒါကို ကောင်မလေးက ဆန့်ကျင်ပြီး မစားမသောက်ဘဲ ဆန္ဒပြနေတယ်၊ ဒီတော့ သူ့အဖေက ကောင်မလေးကို အခန်းပိတ် လှောင်ထားပါတယ်၊ဒီကြားထဲကနေပြီး အော်ဒါလီ အနွယ်ထဲက ကောင်လေးတစ်ကောင်ဟာ ကောင်မလေးကို မရ ရအောင်ခိုးပြီးထွက်ပြေးပါတယ်။ ကျွန်တော်တို့ တစ်တွေ ကုလားအုတ်နဲ့ လိုက်ကြတော့ ဂူတစ်ဂူမှာ ပုန်းနေတဲ့ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ပါတယ်၊ သူတို့နှစ်ယောက်စလုံး ကြည်ကြည်သာသာနဲ့ အဖမ်းမခံဘဲ ခုခံကြပါတယ်၊ ကျားနာ နှစ်ကောင်လိုပဲ၊ ကျွန်တော်တို့ အထဲက လူနှစ်ယောက်ကို ဓားနဲ့ ထိုးပစ်တယ်၊ အဲဒါမှ သေဒဏ်မခံရရင် ဘယ်အမှုက သွားပြီး သေဒဏ်ခံရမှာလဲ သခင်”

“ကောင်ကလေး….ကောင်မလေး…ခိုးပြေးတယ်” ဆိုသော စကားလုံးများ ကိုကြားသောအခါ တွမ်လင်ဆင့်စိတ်ထဲ၌ စနိုးစနောင့်ဖြစ်လာပြီး အဗ္ဗဒူခန်ကို မေးလိုက်သည်။

“ကောင်လေးနဲ့ ကောင်မလေးဆိုတာက ဘယ်သူတွေလဲ”

“လှေစပ်သမား အိုမာဟေထန်ရဲ့ သမီး ဇူလီကာနဲ့ သိုးကျောင်းသမား အာလီဗတ်တဲ့၊ ဘာဖြစ်လို့မေးတာလဲ သခင်”

“သူတို့နှစ်ယောက်စလုံးကို ကျုပ်သိတယ်၊ မနှစ်က ကျုပ်ဒီရွာကို ရောက်တုန်းက သိခဲ့တာပဲ၊ သူတို့တစ်တွေဟာ ကလေးအရွယ်ပဲ ရှိကြသေးတယ်၊ သူတို့ကို သေဒဏ်ချလောက်အောင် သူတို့ကဘာအပြစ်ကြီးများ ကျူးလွန်ခဲ့လို့လဲ၊ အင်္ဂလန်မှာဆိုရင်…”
“ကိုယ်တော် သတိထားဦးလေ၊ ဒါ …..အင်္ဂလန် မဟုတ်ဘူး” မေဂျာဂရန့်က တွမ်လင်ဆင်၏ စကားကိုဖြတ်ပြီးနောက် ဆက်၍ ပြောသည်။

“ကိုယ်တော့်ကို အကြံပေးရရင် ဒီကိစ္စတွေထဲမှာ ကိုယ်တော်ဝင်မစွက်တာ အကောင်းဆုံးပဲ၊ ကိုယ်တော်ဝင်စွက်တာနဲ့ တပြိုင်နက် ဟာဆန်နီ အနွယ်တွေနဲ့ အော်ဒါလီအနွယ်တွေ တစ်စုနဲ့ တစ်စု သတ်ဖြတ်ကုန်လိမ့်မယ်” တွမ်လင်ဆင်သည် သက်ပြင်းချကာ ညည်းတွားလိုက်သည်။

အေဒင်ရှိ မစ်ရှင်အဖွဲ့က ဒုက္ခရောက်စေမည့် ကိစ္စမှန်သမျှကို ရှောင်ရှားရမည်ဟု အသေအချာ မှာထားခဲ့သည်။ ဂရန့်နှင့်သူကား အယူအဆချင်းမတူ။ ဂရန့်သည် အာရပ်တိုင်းရင်းသားများနှင့် ဆက်ဆံနေရသော စစ်ဘက် အရာရှိတစ်ဦးသာဖြစ်၍ ဆက်ဆံရေးကောင်းလျှင် ဘာမဆို လက်ပိုက် ကြည့်နေမည့် အယူအဆ ရှိသည်။ သူကား သာသနာရေးမစ်ရှင် အဖွဲ့ဝင်ဖြစ်ရာ လူသားတစ်ယောက်ပြုလုပ်ရမည့်တာဝန်ကိုသာ ပို၍ အရေးထားသည်။ တွမ်လင်ဆင်သည် အဗ္ဗဒူခန် ဘက်သို့ လှည့်ကာ-
“သူတို့ကလေးတွေ မသေခင်မှာ ကျုပ်တွေ့ပါရစေ၊ သူတို့အတွက် ကျုပ်ယုံတဲ့ ဘုရားသခင်ဆီမှာ ဆုမွန်တောင်းပါရစေ” ဟုပြောလိုက်သည်။ အဗ္ဗဒူခန်သည် တွေဝေသွားသည်။ နောက်အတန်ကြာမှ ခေါင်းညိတ်လိုက်သည်။

“အလ္လာကို မယုံသူရဲ့ ဆုတောင်းဟာ အသည်းနှလုံးထဲက လာတယ်ဆိုရင်တော့ ကောင်းကျိုးတခုခုတော့ ဖြစ်စေမှာပါပဲလေ”
သူတို့သုံးဦးသားသည် ညအမှောင်ကိုဖြတ်သန်းလျက် ကုလားအုတ်စခန်းသို့ ထွက်လာခဲ့ကြသည်။ ဒစ်ကန်ရွာ၏ ညသည် သေမင်း ကိုစောင့်ကြိုနေသည့် လူနာအလား အတိတ်ဆိတ်ကြီး တိတ်ဆိတ်နေသည်။

တရားခံများကို တဲတစ်တဲတွင် ထည့်ထားကာ အစောင့်နှစ်ယောက်ချထားသည်။ တဲထဲသို့ ရောက်သောအခါ အစောင့်တစ်ယောက် လက်ထဲမှ မှန်အိမ်မီးရောင်ဖြင့် တရားခံဟု အစွပ်စွဲခံရသူ နှစ်ဦးကိုတွေ့ရသည်။ ဇူလီကာသည် သူ့ချစ်သူ၏ ရင်ခွင်ထက်ဝယ် အိပ်ပျော်နေရှာသည်။ အာလီဗတ်၏ ကျယ်ကားသော ရင်အုံပေါ်၌ ခေါင်းကလေးကိုမှေးကာ ခွေခွေလေး အိပ်နေသည်။ အာလီဗတ်သည် ဇူလီကာကို ညင်သာစွာ ပွေ့ဖက်ထားသည်။ သူကမူ မအိပ်နိုင်သေး။ အာလီဗတ်သည် တဲထဲသို့ဝင်လာသော လူသိုက်အား ပြူးကျယ် ဝန်းဝိုင်းသော မျက်လုံးအစုံဖြင့်မော်ကြည့်သည်။ ထောင်ချောက်ထဲတွင်မိနေသော သမင်၏ မျက်လုံးမျိုးဖြစ်သည်။ ဝမ်းနည်းကြေကွဲမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု အရိပ်အယောင်များ မျာက်လုံးတွင် ယှက်သန်းနေသည်။ ဇူလီကာသည် အာလီဗတ်၏ ပေါင်ပေါ်တွင် တင်ပလွှဲ မှီထားရကား ဖြေထောက်အစုံမှာ အပြင်သို့ ထွက်နေသည်။ ထိုခြေထောက် အစုံတွင် ညိုမောင်းသော သွေးခြောက် အစအနများ စွန်းထင်းပေကျံနေသည်ကို တွမ်လင်ဆင် တွေ့ရသည်။ နုနယ်သော ကလေးခြေထောက်လေးသည် အပြေးအလွှား သွားရာ၌ ကျောက်စွန်းကျောက်ချွန်များနှင့် ထိမိခတ်မိ ဟန်တူသည်။

တွမ်လင်ဆင်သည် စကားပြော၍ နှစ်သိမ့်ရန်ကြိုးစားကြည့်သည်။ သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသဖြင့် စကားသံထွက်မလာ။ စကားပြောလိုက်လျှင် သူ့လည်ချောင်း ကွဲထွက်သွားလိမ့်မည်ဟု ထင်မှတ်မိသည်။ တွမ်လင်ဆင်သည် သနားစဖွယ် အကြောင်သား ငေးစိုက်ကြည့်နေသော အာလီဗတ်၏ မျက်လုံးဒဏ်ကို မခံနိုင်တော့သဖြင့် သူတို့နှစ်ဦး၏ ဘေးနားတွင် ဒူးထောက်ထိုင်ချလိုက်မိသည်။ ထို့နောက် အနီးရှိ ရေခွက်ထဲမှ ရေဖြင့် သူ့လက်ကိုင်ပဝါကို ဆွတ်လိုက်ပြီး ဇူလီကာ၏ ခြေထောက်မှ သွေးခြောက်များကို ညင်သာစွာ သုတ်ပေးနေမိလေသည်။

လွန်ခဲ့သည့်နှစ်က ဤကလေးမလေးသည် ဤခြေထောက်ကလေးများဖြင့် ပြေးလွှားကာ သူ့ကို ဝန်းပတ်ပြီး မြူးတူးပျော်ပါးခဲ့သည်။ မကြာခင် ဤခြေထောက် ကလေးများကို ကျင်းထဲသို့ ချကြတော့မည်။ ဦးခေါင်းကလေးသာဖော်ထားပြီး ကိုယ်ကို မြေ၌ မြှုပ်ကြပေတော့မည်။ သည်ဦးခေါင်းကလေးကို ကျောက်တုံး ကျောက်ခဲများဖြင့် မညှာမတာ ပစ်ခတ်ပေတော့မည်။ ဇူလီကာကိုခွေးရူးသဖွယ် သဘောထားကာ ပစ်ခတ်ပေတော့မည်။

တွမ်လင်ဆင်သည် အတွေးများဖြင့် ဗလောင်ဆူနေစဉ် မေဂျာဂရန့်က “ပြန်ဖို့ အချိန်တော်ပြီ”ဟု သတိပေးလိုက်သည်။
“ဘုရားသခင်…ကြည့်မနေပါနဲ့ဘုရား…” တွမ်လင်ဆင်သည် လှိုက်လှဲစွာ ဆုတောင်းပြီး ဒူးထောက်ထိုင်နေရာမှ ထလိုက်ကာတဲပြင်သို့ ထွက်သွားသည်။ သူ့နောက်သို့ သခင်စွန့်ပစ်ခံရသော ခွေးငယ်၏မျက်လုံးနှင့် တူလှသော အာလီဗတ်၏ မျက်လုံးသည် ကောက်ကောက်ပါအောင် လိုက်ပါလာသည်။ တွမ်လင်ဆင်သည် သူ့တဲထဲသို့ သူဘယ်လိုပြန်ရောက်လာမှန်းပင် မသိတော့။ မေဂျာဂရန့်သာ ရှိတ်အဗ္ဗဒူခန်နှင့်၊ အခြားအရပ်လူကြီးများနှင့် စကားစမြည် ပြောရင်းကျန်ရစ်ခဲ့သည်။

တွမ်လင်ဆင်သည် သူ့ခုတင်ဘေး၌ ဒူးထောက်ထိုင်ချရင်း “ဘုရားသခင် ကယ်မ စောင့်ရှောက်တော်မူပါ။ ချစ်သူနှစ်ဦး ကိုစောင့်ရှောက်တော်မူပါ” ဟု အခါခါ အထပ်ထပ် ဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်းကား အဓိပ္ပါယ် ရှိတော့မည် မဟုတ်ဟု တွေးမိပြန်သောအခါ စိတ်နှလုံးချောက်ချား တုန်လှုပ်လာလေသည်။ တွမ်လင်ဆင်၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာမြင်ကွင်းသာ တရစ်ဝဲဝဲပေါ်နေသည်။ မြေပြင်ပေါ်တွင်ပေါ်ထွက်နေသော လူသားဦးခေါင်းလေးနှစ်လုံး၊ ထိုခေါင်းကလေးနှစ်လုံးကို အရှိန်ပြင်းစွာ လာရောက်ထိမှန်သော ကျောက်ခဲများ…သွေးများ…ကျိုးပဲ့လွင့်စင်သွားသော သွားကလေးများ…တစ်ဦးကို တစ်ဦး ချစ်ရည်ရွှန်းလဲ့သောအကြည့်များ… မျက်လုံးများ… သွေးများ…. သွေးများ၊ နောက်ဆုံးတွင် မှေးမှိတ်သွားသော မျက်လုံးများ..။

သည်းမခံနိုင်တော့။ သည်းမခံသာတော့။အတွေးမြင်ကွင်းက တွမ်လင်ဆင်ကို မခံသာအောင်နှိပ်စက်ကလူ ပြုပေပြီ။ ဆုတောင်းခြင်းသည် အရာမထင်တော့ပြီဟု သိလိုက်သောအခါ တွမ်လင်ဆင်သည် မေဂျာဂရန့် ထားခဲ့သော ဝီစကီပုလင်းကို ခွက်ထဲသို့ စောင်းငှဲ့ပြီး ဝီစကီထည့်လိုက်သည်။ နောက်ရေမရောဘဲ သောက်ချပစ်လိုက်သည်။

တဲအတွင်းသို့ အလင်းရောင်ပျပျလေး ထိုးဝင်လာသည်။ ဩော်…..မိုးသောက်လေပြီ တကား။ မိုးသောက်နေထွက်လျှင် တရားစီရင်ပေတော့မည်။ ညဉ့်ယံက အတိတ်ကြီးတိတ်ခဲ့သော ဒစ်ကန်ရွာကလေးသည် နိုးထလာလေပြီ။ ရွာလယ် ကုလားအုတ်စခန်း၌ လူတွေစုဝေးစ ပြုနေပေရော့မည်။

တွမ်လင်ဆင်သည် ဝီစကီထပ်ငှဲ့ကာသောက်မိပြန်သည်။ ထို့နောက်သူသည် တဲအပြင်ဘက်သို့ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ ကုလားအုတ်စခန်းဘက်သို့ သူ့မျက်လုံးများ အလိုလို လှမ်းကြည့်မိလျက်သား ဖြစ်သွားသည်။ လူအုပ်ကိုတွေ့ရသည်။ လူအုပ်၏ အပေါ်၌ ထွားကျိုင်းသန်မာသော အာရပ်တစ်ယောက်၏ လက်မောင်းများ လှုပ်ရှားသွားသည် ကိုလည်း တွေ့လိုက်ရသည်။ လူအုပ်ကြီးကအော်လိုက်သည်။ ခဲတရားစီရင်သည့် အမှုကား စပေပြီ။ သူ၏ အထပ်ထပ်အခါခါ ဆုတောင်းသံကို ဘုရားသခင်မကြားနိုင်ပြီ။ တွမ်လင်ဆင်သည် တဲထဲသို့ ပြန်ဝင်ကာ သူ့ခုတင်ပေါ်သို့ ခန္ဓာကိုယ်ကြီးကို ပစ်တင်လိုက်သည်။ ခေါင်းအုံးနှင့် မျက်နှာကို အပ်ထားသော်လည်း မျက်လုံးထဲတွင် ဇူလီကာ၏ သေးသွယ်လှပသော ခြေထောက်ကလေး ပေါ်လာသည်။ ဤခြေထောက်ကလေးသည် မြေကျင်းထဲ၌ မလှုပ်သာ၊ မရှားသာ ဖြစ်နေရော့မည်။

ထိုစဉ် လူအုပ်အော်ဟစ်သံ ကြားရသည်။ နောက်ထပ်ကြားရသည်။ နောက်ထပ် နောက်ထပ် အော်သံများ တဲထဲသို့၊ သူ့နားထဲသို့ ရောက်လာသည်။ တွမ်လင်ဆင်သည် လက်နှစ်ဖက်ဖြင့် သူ့နားကို တင်းကျပ်စွာပိတ်ထားသည်။ အော်သံတစ်သံသည် ခဲတစ်လုံးပစ်ကြောင်း အထိမ်းအမှတ်ဖြစ်သည်ကို သူနားလည်သည်။ နားထဲသို့ အော်သံများဝင်မလာတော့သော်လည်း သူ့စိတ်ထဲသို့ အော်သံများ ဆူညံစွာ ဝင်လာပြန်သည်။ နောက်တော့ တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်း။

“လက်ဖက်ရည် သောက်ပါ သခင်၊ မေဂျာက ခရီးထွက်ဖို့ အဆင်သင့်ပြင်ထားပါလို့ အကြောင်းကြားခိုင်းပါတယ်”
မေဂျာဂရန့်၏ အစေခံက ပြောလာတော့မှ တွမ်လင်ဆင်သည် မှင်တက်မိရာမှ လူးလွန့်လာသည်။

“ပြီးသွားပြီလား…..”

“လက်ဖက်ရည်လား သခင်၊ ဖျော်ပြီးပါပြီ”

“ဟဲ့…အရူးရဲ့၊ ခဲနဲ့ပစ်သတ်တာ ပြီးပလားလို့ မေးတာ…”
အစေခံ၏ ရိုးစား ထုံအသော အမူအရာကြောင့်သာ တွမ်လင်ဆင် ထ မထိုးမိခြင်းဖြစ်သည်။

“ပြီးပါပြီ သခင်…မေဂျာဂရန့် လုပ်တာ မဟုတ်လို့ ပြီးသွားပါပြီ။ မေဂျာဟာ ကျွန်တော်တို့ရဲ့ အဖေဆိုလည်း ဟုတ်ပါတယ်။ မအေဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တစ်ခါ တစ်ခါတော့ သူဟာ ကလေးလေးလိုပဲ။ မစဉ်းစားတတ်ပါဘူး၊ လုပ်ချင်ရာ စွတ်လုပ်ပါတယ်၊ ဒီကိစ္စမှာ သူ့အစေခံကိုမေးလိုက်ရင် သူဖြစ်စေချင်တာ ဖြစ်မှာပေါ့၊ ဟုတ်ပါတယ်လေ၊ မေဂျာ မသိလို့ မှားရှာတာပဲ”

“ခဲနဲ့ ပစ်သတ်တာ ဘယ်လိုလဲ၊ သေသွားရှာပြီလား” တွမ်လင်ဆင်က မေးသည်။

“တချက်မှ မထိဘူး သခင်ရေ့………တစ်ချက်ဆို တစ်ချက်မှ မထိဘူး၊ မေဂျာဂရန့်ကြောင့် ပေါ့ခင်ဗျာ၊ မနေ့ညက မေဂျာရယ်…..ခဲပစ်သမားတွေကို ဆုပေးမယ်လို့ ကတိခံခဲ့တယ်လေ၊ တရားခံရဲ့ခေါင်းကို ခဲတစ်လုံးထိရင် ခဲတစ်လုံးတိုင်း အတွက် ငါးမူးပေးမယ် တဲ့၊ ဒီလောက်အထိ ကတိထားရင် မဆိုးလှပါဘူး၊ ဒါပေမယ့် မေဂျာက ဆက်ပြီး ကတိပေးသေးတယ်၊ အဲဒီ ကတိက ငါးပါးမှောက်တဲ့ကတိပဲ၊ မထိတဲ့ လူဆိုရင် လွဲသွားတဲ့ခဲတစ်လုံးတိုင်းအတွက် ဒသမ ၃၀၃ ရိုင်ဖယ်ကျည်ဆန် တစ်ခုကို နှစ်သိမ့်ဆု အဖြစ် ပေးမယ်တဲ့၊ မေဂျာ အမှားကြီးမှားသွားတာပေါ့၊ မသကာ ကျွန်တော့် ကိုမေးရင် ဒီလိုဘယ်ဖြစ်မလဲ သခင်၊ ဒီအရပ်တွေမှာ ကျည်ဆန် သိပ်ရှားတာ၊ ကျည်ဆန် တစ်တောင့်ကို နှစ်ကျပ်ခွဲလောက် ပေးရတာ၊ ဒါလည်း လွယ်လွယ်နဲ့ ဝယ်လို့ရတာ မဟုတ်ဘူး။ ဒီတော့ အော်ဒါလီ ခဲပစ်သမားတွေက သူတို့ခဲတွေကို တရားခံတွေရဲ့ ခေါင်းနဲ့ တခြားစီရောက်အောင် ပစ်ကုန်တာပေါ့၊ မိုးနဲ့ မြေလောက် လွဲအောင်ပစ်ကုန်တာပေါ့ သခင်ရယ်၊ နှစ်ကျပ်ခွဲ ကို ငါးမူးနဲ့ လဲလောက်အောင် ဘယ်သူမိုက်ပါ့မလဲ။ အခုဆို ဇူလီကာတို့ နှစ်ယောက်အပြစ်မရှိကြောင်း ဘုရားသခင်က အလိုတော်ရှိတာမို့ ကွင်းလုံးကျွတ် လွတ်ပြီး လက်ထပ်ဖို့တောင် စီမံနေလေရဲ့”

တွမ်လင်ဆင်၏ တစ်ကိုယ်လုံး နတ်ပူးသလို တုန်လှုပ်သွားသည်။ ဇူလီကာတို့ ချစ်သူနှစ်ဦးသည် ယနေ့ညတွင် ကခုန်မြူးတူးကြပေတော့မည်။ လှိုက်လှဲ ရယ်မောသံများ ကုလားအုတ်စခန်းတွင် ပျံ့လွင့်ပေတော့မည်။

စကားနည်းသော၊ ဟာသမရှိသော ဂရန့်သည် ချစ်သူနှစ်ဦး၏ အသက်ကို ကယ်ဆယ်ခဲ့လေပြီ။

“ဒီမှာ ကိုယ့်လူ…..ဘုရားသခင်ဟာ စကားမပြောပေမယ့် ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်ကွယ့်၊ ဒါကြောင့် သူ့အလိုတော်အတိုင်း ကျောက်ခဲတွေကို လွဲအောင် ဖန်တီး ပေးတာ ပေါ့ကွယ်” တွမ်လင်ဆင်က တုန်ယင် လှိုက်လှဲစွာ ပြောလိုက်လေသည်။ ။

(“Judgement – on lovers” by Garnett Redcliff; Britain)
[ရှုမဝ၊ တွဲ (၂၉)၊ မှတ် (၃၄၅)၊ ဖေဖော်ဝါရီ ၁၉၇၆]
ညွန့်ကြူး (မြန်မာပြန်)
နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား ဝတ္တုတိုများ
ဖေဖော်ဝါရီ ၂၀၀၈ (ဒုတိယအကြိမ်)
ရာပြည့်စာအုပ်တိုက်