Friday, October 28, 2011

လွမ်းလို့ရေးတဲ့စာ.... ဖျားလို့ရေးတဲ့စာ....ပျင်းလို့ရေးတဲ့စာ

လွမ်းလို့ရေးတဲ့စာ

အရင်နဲ့ အခု

ခရီး မိုင်ထောင်ချီ

ဝေးကြတာချင်း

အတူတူ.....

ခုမှ

အလွမ်းတွေ တနင့်တပိုး

မိုင်တွေ တိုးတိုးလာတယ်.....။




ဖျားလို့ရေးတဲ့စာ

ရာသီက မိုးအကုန်ဆောင်းအကူး..... မိုးရွာလိုက် နေပူလိုက်ဆိုတော့ ရာသီပြောင်းချိန်ဖျားတတ်တဲ့ ထုံးစံအတိုင်း ကျမ ဖျားပါပြီ။ ဟိုတပါတ် အမေ့အိမ်ပြန်ကတည်းက နှာတွေချေလိုက် ချွေးတွေ အရမ်းထွက်လိုက်ဖြစ်နေတည်းက ကိုယ့်ဘာသာ ဖျားတော့မယ်ဆိုတာ သိလို့ ဆေးတွေကြိုသောက်ပေမယ့်လည်း ထုံးစံမပျက် ဖျားဖြစ်အောင်ဖျားပါသေးတယ်။ လူက မထနိုင်လောက်အောင် လဲပြီးဖျားနေတာ မဟုတ်ပေမယ့် နှာတွေစေး ခေါင်းတွေကိုက်ပြီး နေရတာ မရှင်းဘူးဖြစ်နေတယ်။ အပြင်မှာနေတွေကလည်း အရမ်းပူ... လူကလည်း အပျင်းထူတာမို့ ဒေဝါလီနေ့ရုံး ပိတ်ရက်နဲ့ဆက်ပြီး နောက် ၂ ရက်ပါ ရုံးမသွားပဲ အိမ်မှာ နားလက်စနားနေလိုက်တော့တယ်........ တော်ကြာ.ကိုယ့်ကြောင့်ရုံးကလူတွေပါ နှာစေး ကူးကုန်လို့ ဖျားနေကြရင် အားနာစရာကြီး...... :P

ပျင်းလို့ရေးတဲ့စာ

နေမကောင်းလို့ဆိုပြီး ရုံးလစ်ပြီး အိမ်မှာနှပ်နေလိုက်တာ ၁ရက်.... ၂ရက်... ကနေ ၃ ရက်လည်း ဖြစ်လာရော နည်းနည်းအီလာပြီ...။ ကိုယ်က နေပူလို့ ခေါင်းကိုက်တယ်.... နှာစေးတာမပျောက်တော့ဘူး ဆိုပြီး ရုံးမသွားနိုင်ဘူးလို့ အိမ်မှာကြေငြာထားတော့ အမတွေ နေ့လည်ဘက် အိမ်ကိုလှမ်းချက်လို့ ရှိမနေရင်လည်း အဆူခံရမှာမို့ ဘယ်မှလည်းမသွားရဘူး။ တကယ်လည်း အပြင်မှာအရမ်းပူတော့ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်မှ မထွက်ချင်ဘူး။ လူကသာ နားနေတာ ပျင်းပျင်းနဲ့ စာဖတ် .... အွန်လိုင်းဝင်မွှေ ... မဟုတ်ရင် တီဗွီ ကြည့်နေတော့ မျက်လုံးလေး ၂ လုံးကတော့ အနားမရရှာဘူး.....။ အိမ်မှာနေရတာ ပျင်းလာတာမို့ ငါတို့ ကျိုက်ထီးရိုး သွားရအောင်လို့ ပြောထားဖူးတဲ့ သူငယ်ချင်းကို ငါနေကောင်းပြီ ဒီစနေ တနင်္ဂနွေ သွားမယ်လို့ လှမ်းပြောတော့ တိုက်တိုက်ဆိုင်ဆိုင် သူဒီတပါတ်မအားလို့ နောက်မှသွားရအောင်တဲ့....ပျင်းလိုက်တာ.... :(


Thursday, October 6, 2011

ဆေး (သုမောင်)

ကျွန်တော့် ဖခင်နှင့် မိခင်တို့သည် ၁၉၆၀ တဝိုက်တွင် လင်ခန်း မယားခန်း ပြတ်စဲခဲ့ကြပါသည်။ ထိုတုန်းက ကျွန်တော်မှ မူလတန်းကျောင်းသား အရွယ်မျှသာ ရှိပါသေးသည်။ ထိုစဉ်က အဖေ့ထံ ကျွန်တော် စာတစ်စောင်ရေးခဲ့ပါသည်။
"ဖေဖေ ကျွန်တော့်ကို ပတ်ကားဖောင်တိန်တလက်လောက်ဝယ်ပေးပါ၊ ကျွန်တော် စာရေးဆရာလုပ်ပြီး မေမေ့ကို လုပ်ကျွေးချင်လို့ " ဟူသော သဘောမျိုးဖြစ်ပါသည်။ ကလေးအတွေး ဆိုပေမယ့် လေးနက်နေကြောင်း သိသာပါသည်။
တကယ်တော့မူ စိတ်သဘောထားချင်း မတိုက်ဆိုင်ကြ၍ကွာကြရှင်းကြသော်လည်း ဖေဖေ့ဘက်က မေမေနှင့် ကျွန်တော်တို့ အပေါ် ယခင်ကထက်ပင်တာဝန်ကျေခဲ့ပါသည်။ ပိုလို့ဂရုစိုက်ခဲ့ပါသည်။

ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းတွင်လည်း ကွယ်လွန်ချိန်အထိ အဖေနှင့် အမေတို့သည် မောင်နှမလိုမျိုး၊ သူငယ်ချင်းလိုမျိုး နေနိုင်ခဲ့ကြပါသည်။

"အညို. ကိုယ်မှားပါတယ်" ဟု အဖေက အမေ့လက်ပေါ် မျက်နှာမှောက်လျှက် မျက်ရည်တွေတွေကျခဲ့တာကို ကျွန်တော်မှတ်မိနေပါသည်။ အမေ အလုပ်လုပ်သော ကျောင်းမှာဖြစ်ခဲ့ခြင်းဖြစ်သည်။

"အဲဒီတုန်းကတည်းက အမေ့ဆံပင်တွေဖြူဖွေးကုန်တာပါပဲ သားရယ်" ဟု အမေပြောခဲ့သည်ကိုလည်း ယနေ့တိုင် နားထဲကမထွက်နိုင်ပါ။

သူတို့သည် မချစ်ကြ၍မဟုတ်ပဲ မကြိုက်ကြတော့၍ လမ်းခွဲလိုက်ပုံရပါသည်။ သူတို့၏ အတွင်းစိတ်ကိုခန့်မှန်းရခက်ပါသည်။ သို့သော် စောစောက ပြောသလို ၅၂၈ သွယ်သော မေတ္တာဖြင့်တော့ ချစ်ခင်မပျက်နေနိင်ကြလေသည်။ ဤသို့ နေထိုင်လာခဲ့ကြသည်မှာ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကြချိန်အထိဖြစ်ပါသည်။

ကျွန်တော်ယခုပြောပြလိုနေသည်မှာ မှတ်မှတ်ရရ ၁၉၈၅ ခုနှစ်က အကြောင်းအရာ ဖြစ်ပါသည်။ ထိုစဉ်က အဖေနှင့် အမေတို့သည် အသက် ၇၀ ကျော်တွေဖြစ်နေကြပါပြီ။ အတူတော့ဖြင့်မနေကြပါ။ အဖေက ဝင်ဒါမီယာမှာ အမေက သင်္ဃန်းကျွန်းမှာပါ။ ထိုကာလတွင် ကျွန်တော်သည် အဖေနှင့် အတူ အပေါ်ထပ် အောက်ထပ်နေခဲ့ကြပါသည်။ တစ်နေ့တွင် အဖေ့ ထံမှစာတစ်စောင်နှင့် ဆေးပုလင်းတစ်ပုလင်း အောက်ထပ်သို့ရောက်လာပါသည်။ အဖေနှင့် ကျွန်တော်က စာဖြင့် စကားပြောကြသည်။

"ဗလကြီး…….

မင့် အမေအတွက် ပလူဗီမင် အားဆေး ပေးလိုက်တယ်။ ခက်ခက်ခဲခဲရှာတွေ့တာ။ ဆေးတောင့် နဲ့ ပုလင်းက အမျိုး မတူဘူး။ ရရာ ပုလင်းနဲ့ ထည့်ပေးလိုက်ရတယ်။ ဒီဆေး ကဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က မင့်အမေ အားနည်းလို့ ငါဝယ်ပေးနေကျဆေးပဲ၊ ခုလည်း သူအားနည်းနေပြန်ပြီကြားလို့ ရှာဝယ်ခဲ့တာ၊ ငါကပေးတယ်လို့ ပြောဖြစ်အောင်ပြော။

ဖေဖေ"

ထိုဆေးပုလင်းကို အမေ့ထံလူကြုံဖြင့် ကျွန်တော် ပို့ပေးခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် အမေ့ထံမှ တယ်လီဖုန်းဝင်လာပါသည်။

"သားလား"

"ဟုတ်ကဲ့ပါ"

"အမေပါ"

"ပြောပါအမေ"

"မင့်အဖေ ပို့လိုက်တဲ့ဆေး အမေ ရတယ်၊ အဲဒါ.."

"ဒါများ အမေရယ်၊ အထူးအဆန်း ပြောနေရသေးတယ်"

"ဟဲ့..ထူးတာရှိတယ် သားရဲ့"

"ဘာများလဲ အမေ"

"မင့်အဖေကို ပြောလိုက်စမ်းပါ သားရယ်၊ အမေ ဖုန်းဆက်တယ်လို့"

(ကျွန်တော်နှင့် အမေတို့၏ ရယ်သံများရောထွေးသွား၏။)

"အမေနဲ့ အဖေ ကင်းကွာသွားပြီးပေမယ့် ဒီလိုပဲ ဖုန်းဆက်ဆက်နေတာ ဘာထူးဆန်းလို့လဲ"

"ဆန်းပါသော်ကော သားရယ်၊ အဲဒီ ပလူဗီမင်ဆေးက မင့်ကိုမမွေးခင် အကြီးဆုံးကောင် အာယု (ယခု အငယ်ဆုံး ဒါရိုက်တာ အာယု မဟုတ်ပါ။ ကွယ်လွန်သွားသူ ကျွန်တော့် အကိုအကြီးဆုံးမှာလည်း အာယုပင် ဖြစ်၏။ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ ဟူ၍ ရှိရာ အာယု နှင့် သုခ မှာ ကွယ်လွန်နှင့်ပါပြီ။) အေး. အဲဒီ အာယု မွေးတုန်းက မင့်အဖေက အမေ့ကို ဝယ်တိုက်ခဲ့တာ ပလူဗီမင်ပဲ၊ ဒီဆေးမျိုးပဲ"

"အင်းလေ.အမေရဲ့ ၊ အဲဒါက ဘာဖြစ်သလဲ"

"ဟဲ့ ဖြစ်ပါပြီကော သားရယ်၊ ဖြစ် ဖြစ် ဖြစ်ဖြစ် နဲ့တောင် မြည်နေသေးတယ် သားရဲ့"

"အမေ ပြောတာ ကျွန်တော်မရှင်းဘူး အမေ"

(အမေ၏ ရယ်မောသံများ)

"ဒီလိုသားရဲ့ ၊ အဲဒီဆေးကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အမေ အားနည်းလို့ဆိုပြီး မင့် အဖေက အမေ့ကို ပုလင်းလိုက် ဝယ်တိုက်ခဲ့ဖူးတယ်"

"ဟုတ်ကဲ့ အဖေလည်းပြောပါတယ် အမေ"

"အေး အခုတော့ အလုံးလိုက်ပဲ ဝယ်လို့ရသလား မသိပါဘူးကွယ်၊ ဘားပလက်ပုလင်းကြီးနဲ့ ထည့်ပေးလိုက်တယ်"

"အဲဒါ ဘာဖြစ်လို့လဲ အမေ၊ ဆေးချင်း အတူတူပဲဟာ"

(အမေ၏ ရယ်သံမှာ ကြည်နူးဖွယ် ဖြစ်နေပါသည်။)

"ဒီလိုကွယ့်၊ အဲဒီတုန်းက မင်းအဖေဝယ်ပေးခဲ့တဲ့ ပုလင်းဟောင်းက ခုထိ အမေသိမ်းထားတာ ရှိနေသေးတယ်၊ ဒီတော့ ခု မင့် အဖေပေးလိုက်တဲ့ ဘားပလက် ပုလင်းထဲက ဆေးတွေကို ပုလင်းဟောင်းထဲ ပြန်ပြောင်း ထည့် ပြီးပြီ။ မင့် အဖေကိုပြောလိုက်စမ်းပါ၊ လွန်ခဲ့တဲ့ နှစ် ၄၀ က ပုလင်း၊ အမေသိမ်းထားတာ ခုထိရှိသေးတယ် လို့။ အမေ ခုနကပဲ စပြီးသောက်တယ်လို့"

အမေ၏ ရယ်သံများမကြားရတော့ပါ။ အမေကတော့ ကြည်နူးစွာ ရယ်နေဆဲဖြစ်ပါသည်။ ဒါပေမယ့် ကျွန်တော်က မကြားရပါ။ ရယ်မောရမည့် အစား မျက်ရည်များ လည်လာပါတော့သည်။

လွန်ခဲ့တဲ့ နှစ် ၄၀ က ပလူဗီမင်ဆေးနှင့် ယခု ပလူဗီမင်ဆေး အာနိသင်တူသေးရဲ့လားတော့ ကျွန်တော်မသိပါ။ ဆေးတော့ ဆေးပါပဲ။ ဓာတုဗေဒတွေ ကွာချင်ကွာနေပေလိမ့်မည်။ ဆေးပုံသဏ္ဍန်ပြောင်းချင် ပြောင်းသွားပေလိမ့်မည်။ အရောင်လည်းတူချင်မှ တူပေမည်။

သို့သော်........

ဆေးကတော့ ဆေးပါပဲ။

ဒါပေမယ့် အားဆေး။

ဟုတ်ပါ့.... ကျွန်တော့် အဖေပေးတဲ့ အားဆေး။

ကျွန်တော့် အမေအတွက် အားဆေး။

အဖေ က နှစ် ၄၀ ကျော်က ဆေးကိုမှတ်မိလို့ ဝယ်ပေးခြင်းဖြစ်သည်။ အမေက ဟို နှစ် ၄၀ ကျော်က ဆေးပုလင်းလွတ်ကို သိမ်းထားသူဖြစ်သည်။

ဘယ်သူက အချစ်ပိုခဲ့ပါသလဲ.....။

ဘာပဲဖြစ်ဖြစ် အမေသည် အသက် ၈၇ နှစ် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၉ ၇က်နေ့ကျမှ အေးချမ်းစွာ ပြုံးပြုံးကလေး ကွယ်လွန်ခဲ့တာကတော့ သေချာလှပါသည်။ ဆေးကောင်းတစ်လက်ကြောင့် ပင်.....။

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၈)

Wednesday, October 5, 2011

စက္ခုဥာဏဖိုးထူး - နုနုရည် (အင်းဝ)

"မြန်မာစံတော်ချိန်မှာလဲ မနက်ရှစ်နာရီခွဲရှိပြီမို့ မြန်မာပိုင်းအစီအစဉ်များကိုဒီတွင်ရပ်နားပြီး...."

"ဖိုးထူးက ဝါးတွေတောင်အများကြီးခွဲပြီးပြီပဲ၊ ဘယ်အချိန်က ရောက်နေတာတုန်းကွ"

"အင်း......စက္ခုဥာဏ......စက္ခုဥာဏ၊ ခြောက်နာရီလောက်ထဲကရောက်တာ၊ အိမ်ကဓါတ်ခဲနည်းသွားတဲ့ လျှပ်စစ်နာရီတွေ ဓါတ်ခဲကုန်သွားလို့ နာရီမကြည့်ခဲ့ရဘူး၊ လျှပ်စစ်နာရီ အလုံးတစ်ရာလုံးဓါတ်ခဲကုန်သွားတယ်....စက္ခုဥာဏ...'

"ဒီခွဲပြီးသား ဝါးတွေက ထရံဘယ်နှစ်ချပ်စာတုန်းကွ..... ဖိုးထူး တနေ့ ထရံဘယ်နှစ်ချပ်ရက်လဲ"

"စက္ခုဥာဏ...ထရံတချပ်စာပေါ့..... တနေ့ တချပ်ပဲရက်တယ်... တော်ပြီပေါ့...၊ ဝါးခွဲရ၊ ဝါးလွှာရ၊ ထရံဖြစ်အောင်ရက်ရနဲ့ လက်ဖဝါးတွေနာတယ်၊ ညကျပုတီးစိပ်လို့မကောင်းဘူး၊ သားအမိနှစ်ယောက်စာရရင် တော်ပြီပေါ့ ၊ တနေ့စာပေါ့..... လောဘမကြီးပါဘူး၊ ကိုယ့်မှာလဲ သိမ်းဆည်းထားတဲ့ ပစ္စည်း ဥစ္စာတွေရှိနေတာပဲ၊ အတွင်းပစ္စည်းမပါသေးဘူး၊ သူများချေးတာကိုက သန်းတစ်ရာကျော်ရှိတယ်"

"တယ်ဟုတ်ပါလားကွ ဖိုးထူးရ၊ ဘယ်သူချေးထားတာလဲကွ"

"ဂျပန်နဲ့ အမေရိကန် စက္ခုဥာဏ"

"ဟုတ်လား၊ ဒါနဲ့ နေပါဦး၊ ညကျ ဖိုးထူးက ပုတီးစိပ်တယ်နော်၊ ဖိုးထူးက လိမ္မာတာပဲ"

"စက္ခုဥာဏ၊ စက္ခုဥာဏ၊ ကျွန်တော်တို့ အမျိုးက မျိုးနဲ့ ရိုးနဲ့ ဘုရားတရားကြည်ညိုတာ၊ ပုဂံ သူဋ္ဌေးကြီး ဦးရာဟုဆိုတာ သိတယ်မဟုတ်လား၊ ကျွန်တော့် ဘကြီးတော်တယ်၊ ပုဂံက ဘုရားတွေ သူတည်တာ အများကြီးပဲ၊ အခု.... အင်းဝမှာလဲလာမယ်၊ ဘုရားတွေတည်ဦးမယ်၊ အဲဒါကျွန်တော့်ကို အကုန်တာဝန်ပေးထားတယ်၊ ပုဂံမြို့က သူဋ္ဌေးကြီး ဦးရာဟု ဆိုတာ ကျွန်တော့်ဘကြီး...."

"အေးပါ... ဟုတ်ပါပြီ... ဦးရာဟုက ဖိုးထူးပုတီးစိပ်တဲ့ ဗောဓိပင်ဘုရားကိုရော မပြင်တော့ဘူးလား......"

"............"

"မင်း ပုတီးစိပ်တဲ့ ဗောဓိပင်ဘုရားက ညဆိုသိပ်တိတ်ဆိတ်မှာပဲနော်....ဟုတ်လား၊ ပုတီးစိပ်လို့ ကောင်းမှာပေါ့"

"စက္ခုဥာဏ ဒါကြောင့် ကျွန်တော် ညသန်းခေါင်မှပဲ သွားစိပ်တာပေါ့......"

"မင်း..... ဘယ်အချိန်က စသွားတာလဲကွ...."

".......... ..... ....."

"ဟင်း ဖိုးထူး ၊ မင်း အဲဒီဘုရားကို ဘယ်အချိန်က စသွားတာလဲကွဲ့ ပြောပါဦး....."

"...... အဖေ သေတဲ့ ညက......"

"အော်..... အဲဒီညတုန်းက ဖိုးထူးက ဘယ်အရွယ်ရှိပြီလဲ"

"ဆယ့်ငါးနှစ်နဲ့ ဆယ့်လေးနှစ်လောက်လို့ အမေက ပြောတာပဲ၊ အဖေ သစ်စ မှန်ပြီး အနာသည်းလို့ အလုပ်မရှိတဲ့အချိန် ကျွန်တော် ထရံ ရက်သင်နေတဲ့အချိန် အမှောင်တိုက်တွေ တအားဖုံးလွှမ်းတာပေါ့၊ အဖေငြိမ်သွားပြီး ၊ အမေ တအားအော်ငိုတာနဲ့ ကျွန်တော်လဲ စိပ်ပုတီးဆွဲပြီး ဗောဓိပင်ဘုရား ထွက်ခဲ့တာပဲ၊ အဲဒီမှာ တညလုံး ထိုင်စိပ်တော့ စက္ခုဥာဏ ဖြစ်တာပဲ.."

"ဖိုးထူး အဖေက ဘာလုပ်တာလဲ...၊ ညီအစ်ကိုမောင်နှမတွေ ကော..."

"အဖေက ပြန်စိတ်စက်မှာ အလုပ်သမား၊ အစ်မနှစ်ယောက် အစ်ကို တစ်ယောက်ရှိတယ်၊ နှစ်ယောက် အဝေးလွင့်နေတယ်.... အစ်မတစ်ယောက်ပဲ အနီးနားရှိတယ်၊ အလကားပါ..... အလကား ကျွန်တော့်ကိုများ သူတို့လင်မယားက အရူးတဲ့၊ ကျွန်တော်လား ရူးမှာ..... အဝေးကြီး၊ စက္ခုဥာဏ ၊ ကျွန်တော်က စက္ခုဥာဏ...၊ အင်း... ကျွန်တော့်မှာရှိတဲ့ အဖေ့ စက်ဘီးအစုတ်လေးကို သူတို့ အတင်းယူသွားကြတယ်......၊ ကျွန်တော် ဘယ်သူနဲ့ စကားပြောတော့မလဲ၊ စက်ဘီးလေးကလည်း ကျွန်တော့် နာမည် နဲ့ တ ပြီး ငိုလိုက်တော့ ကျွန်တော် ဗောဓိပင်ဘုရားမှာ သွားငိုတယ်၊ စိပ်ပုတီး စိပ်ရင်း ငိုရတာ ကောင်းတယ်ဗျ.... စက္ခုဥာဏ"

"စက်ဘီးမရှိလည်း ဘာဖြစ်လဲကွာဖိုးထူးရ ၊ မင်းမှာ ပိုက်ဆံတွေ ရှိတာပဲ၊ ကားဝယ်စီးပေါ့ကွ၊ ကိုယ်တိုင်ကားမောင်းပြီး ထရံလာရက် မကောင်းဘူးလား....... ဘယ့်နှယ့်လဲ"

"စက္ခုဥာဏ...... ကားဝယ်ဖို့ စိတ်ကူးပေါ်ပါတယ်၊ ဒါပေမယ့် မဝယ်နိုင်သေးဘူး၊ အမေရိကန်နဲ့ ဂျပန်မှာ ကြွေးက သန်းနှစ်ရာတောင် လက်လွန်နေတာ...၊ အတိုးရတာနဲ့ကို ဝယ်လောက်ပါတယ်၊ အတိုးက တစ်နှစ် တစ်ထောင်တောင်....အင်း စက္ခုဥာဏ ကားဝယ်ပြီးရင် အဓိက ကတော့ ရှုခင်ကို တင်ပြီးမောင်းဖို့ပဲ၊ ရှုခင်နဲ့ ကျွန်တော်က ဂျပန်က ကြွေးဆပ်ရင် မင်္ဂလာဆောင်တော့မှာ.... ဟင်း....ဟင်း"

"ရှုခင်..... ဟုတ်လား.... ဘယ်ကလဲကွ"

"အောင်မယ်..... စက္ခုဥာဏ၊ သူတို့က သိပ်ဋ္ဌေးတာ......စတိုးဆိုင်ရောင်းတာ၊ တိုက်နဲ့နေတာ၊ ရှုခင်က ကျွန်တော့်ကို လာတောင်းခိုင်းတာ ကြာလှပြီ၊ ကျွန်တော် လာမတောင်းသေးလို့ စိတ်ဆိုးနေတယ်၊ ဟိုနေ့က သူတို့ ဆိုင်ရှေ့ သွားရပ်တော့ စိတ်ကောက်ပြီး ဆိုင်ရှေ့ လာမရပ်နဲ့ ......... သွား.......တဲ့ ....စက္ခုဥာဏ"

"နောက်တော့ ရှုခင် စိတ်ကောက်ပြေသွားမှာပါကွာ၊ ဟော..... ဟိုမှာ ကိုထွန်းမြတို့ လင်မယားတောင် ထရံ တချပ်ပြီးလို့ ထမင်းစားကြတော့မယ်၊ ဘယ်လိုလဲ.... မင်းထရံက ပြီးပါ့မလားကွ.... ဖိုးထူးရ...|"

"အို...စက္ခုဥာဏ.....သိပ်ပြီးတာပေါ့၊ ကိုထွန်းမြတို့က လောဘသမားတွေ၊ တနေ့ နှစ်ချပ်ပြီးအောင် ရက်တာ၊ ဒါတောင်မှ မကျေနပ်ဘူး၊ သူတို့ ဆန်ဖိုးပဲရတယ်တဲ့၊ ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ မဟုတ်ချင်လည်းမဟုတ်ဘူး၊ မသိပါဘူး၊ သူတို့ အိမ်မှာ ခမည်းတော်တွေ၊ မယ်တော်တွေ၊ ဘိုးအေ တွေ၊ ဘွားအေတွေ၊ သားသမီးတွေ ဗွက်ပေါက်နေတာပဲ၊ တနပ်ကို ဆန်တပြည်ချက်တဲ့၊ အာဠာဝကတွေ......"

"မင်းရော...ထမင်းမစားသေးဘူးလား၊ ထမင်းချိုင့်ပါလား...."

"ဒီနေ့ မပါဘူး၊ စက္ခုဥာဏ မနက်ကတည်းက စားခဲ့ပြီး၊ နှမ်းဖတ်ချဉ်သုပ် ဆီအိအိလေးနဲ့၊ ဝက်သား၊ ကြက်သား၊ အမဲသားတွေ ကြာတော့ ....ငြီးစော်နံလာပြီး မစားချင်တော့ဘူး၊ သက်သတ်လွတ်စားတာကောင်းတယ်၊ မိးလွတ်၊ ရေလွတ်၊ နောက် အာဟာရသိဒ္ဓိပြီးသွားရင် ဘာမှစားစရာမလိုတော့ဘူး၊ စက္ခုဥာဏ အလိုလို ဝနေရော"

"ဟေ့ကောင်....ဖိုးထူး၊ အာဟာရသိဒ္ဓိပြီးအောင် ဘ်ာလိုလုပ်ရတုန်းကွ၊ ငါ့ကို ပြောစမ်းပါဆိုမှကွာ.."

"ဟေ့လူ...ကိုထွန်းမြ၊ စက္ခုဥာဏ ကျုပ်ပြောတာ သေချာမှတ်သွား၊ ဒီကနေ မန္တလေး သွားပြီးတော့ ၈၄ လမ်းမကြီးပေါ်က ဧရာတည်းခိုခန်းမှာဆင်း၊ အဲဒီမှာ ကျုပ်နာမည်ပြောလိုက် ၊ သဝေထိုး စက္ခုဥာဏဖိုးထူး လို့ ပေါင်းပြလိုက်၊ ပြီးရင် အဲဒီက လက်မှတ်ယူခဲ့၊ ဧရာကနေ အနောက်ဖက်ဆင်းလိုက်ရင် ကား၊ ဆိုင်ကယ် ပွဲစားတန်း ရှိတယ်၊ အဲဒီမှာ လက်မှတ်ပြ ပြီး ပိုက်ဆံချေးရတယ်၊ အဲ.... ဒါပေမယ့် များများတောပမရဘူး၊ သန်းနှစ်ရာပဲ၊ သန်းနှစ်ရာထက်တော့ ပိုချေးလို့ မရဘူး၊ စက္ခုဥာဏ....."

"ဟုတ်ပေ့ကွာ...."

"ကဲပါ...ဖိုးထူး၊ ထရံပြီးအောင် ရက်စမ်းပါဦး၊ ဖိုးထူး ..ထရံ ရက်နေတုန်း.....သွား....ကိုထွန်းမြက လက်ဖက်ရည်သွားဝယ်ချေ၊ လက်ဖက်ရည်သောက်ရအောင်၊ ဟော ... ဟိုမှာ ဖေဖေ့ စက်ဘီး ခဏယူသွားလိုက်၊ နေဦး.... ပိုက်ဆံ နဲ့ ချိုင့်က ....."

"အို....စက္ခုဥာဏ ကိုထွန်းမြ မသွားရဘူး၊ စက္ခုဥာဏ"

"အစ်မကလဲ .....လုပ်လိုက်ပြီ... စက်ဘီးနဲ့ဆိုမရဘူး၊ သူသွားရမှ၊ ဘယ်လိုမှ ပြောရမှာ မဟုတ်တော့ဘူး...."

"အော်....ဟုတ်လား၊ ဖိုးထူး မင်းက ထရံမပြီးသေးဘူးလေ"

"စက္ခုဥာဏ..... စက်ဘီးနဲ့ သွားမယ်စက္ခုဥာဏ"

"မင်း.... မင်း လက်ဖက်ရည်ချိုင့် တဖက်နဲ့ စက်ဘီးစီးလို့ ဖြစ်ပါ့မလား ဖိုးထူးရ"

"သိပ်ဖြစ် စက္ခုဥာဏ သိပ်ဖြစ်၊ ဟီးဟီး....အဲဒီ စက်ဘီးကို မျက်စပစ်နေတာကြာလှပြီ၊ .... ဘကြီးရဲ့ ဘီးကို ကျွန်တော် တကယ်စီးသွားလို့ရတယ်နော်၊ တော်ကြာ ဘကြီး ကျွန်တော့်ကိုရိုက်ရင် ဘယ့်နှယ်လုပ်မလဲ၊ တာဝန်ယူလား၊ အေးလေ.... စက္ခုဥာဏ က အသားနာတာက ခဏပါ..."

"အေး... အေး... မင်းစကားများနေ...ဟိုမှာကျုံးထဲက ရေတွေလာကုန်ပြီ၊ ...အိမ်ဝင်းထဲ ရေတွေ စိမ့်လာပြီ၊ ငါတို့ ထရံလိပ်တွေနားတောင်ရောက်တော့မယ်.... မင်းလက်ဖက်ရည်ဆိုင်ကပြန်လာရင် ထရံရက်စရာနေရာ ရှိတော့မှာ မဟုတ်ဘူးမှတ်...."

"ဟုတ်ပါရဲ့... ရေဝင်တာကလည်း မြန်လိုက်တာ၊ မနက်ကမှ ကျုံးထဲပဲ ရှိသေးတယ်၊ ပြသနာပဲ... ရေကလည်း...."

"စက္ခုဥာဏ.... ရေဟုတ်လား၊ ရေ.... ဘာရေလဲ မကြောက်ကြနဲ့ ....ရေကြီးမှာ မကြောက်ကြနဲ့ ၊ ရေကိုကျုပ်တားနိုင်တယ်၊ ဖိုးထူးတားနိုင်တယ်၊ လာခဲ့စမ်း..... ကျုံးထဲကဝင်လာတဲ့ရေလား၊ မြစ်ထဲကဝင်လာတဲ့ရေလား၊ ဥုံ စက္ခုဥာဏ ခုချက်ချင်းရပ်"

"ကဲ....ရေရပ်တာ အသာထား၊ မင်းရက်လက်စ ထရံကို မြန်မြန်ရက်လိုက်၊ ရေကမြန်တယ်၊ ဒီနားကို ခဏလေးနဲ့ ရောက်လာမှာ....."

"အိုး.... စက္ခုဥာဏ ဘယ်ရောက်စေရမလဲ၊ ရပ် ...ခုရပ်၊ ရပ်လိုက်စမ်း.....ဖိုးထူး အမိန့်....."

"အော်....ဒုက္ခ ပါပဲ ဖိုးထူးနဲ့တော့.....".

"ရပ်....စက္ခုဥာဏ....ရပ်လိုက်..."

"ကဲ.... မင်း ရပ်လိုက်ပေတော့ ဖိုးထူး၊ ရေတွေက မင်းခြေထောက်အောက် စီးဝင်လာပြီ....."

"အိုး....ဟင့်အင်း...စီးမဝင်ရဘူး၊ စက္ခုဥာဏ ထရံရက်တဲ့ နေရာ....ရေ မြုပ်လို့ ဘယ်ဖြစ်မလဲ.... မနက်ဖြန်လေ...မနက်ဖြန် ထရံမရက်ရရင် ... ကျုပ်တို့ သားအမိ ဘာနဲ့ သွားစားမလဲ စက္ခုဥာဏ"

..............................။........................။...........................................