Monday, March 1, 2010

သစ္စာဖောက်

သစ္စာဖောက်
မက္ကဇင်ဂေါ်ကီ

မိခင်များ အကြောင်းသာ ပြောရလျှင်ဆုံးနိုင်မည်မထင်။

ရန်သူတပ်များသည် ရက်သတ္တပတ်ပေါင်းများစွာ သံမဏိကွင်းကြီးပမာ မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားလေသည်။ ညအချိန်များတွင် ရန်သူတပ်များဆီိမှ မီးရောင်များသည် မည်းမှောင် နတ်ကြုတ်နေသော မြို့ရိုးကို မျက်လုံးနီနီရဲရဲ အထောင်အသောင်းဖြင့် စူးစိုက်ကြည့်နေသည်လား ထင်မှတ်ရသည်။ မျက်လုံးနီနီရဲရဲကြီးများက အငြိုးကြီးစွာ ကြည့်နေသည်ဟု ထင်ရလေလေ၊ အဝိုင်းခံ မြို့တွင်းရှိ မြို့သူမြို့သားအဖို့ စိတ်ဓါတ်ကျဆင်းလေလေ ဖြစ်ရသည်။

မြို့ရိုး၏ သူရဲပြေးလမ်းမှကြည့်လျှင် ရန်သူဝိုင်းပတ်မှုကွင်းသည် တဖြည်းဖြည်း ကျဉ်းသည်ထက် ကျဉ်းလာသည်ကို မြင်နေရ၏။ ရန်သူတပ်သားများ၏ အရိပ်များကိုလည်း မီးရောင်ကြောင့် ကွဲပြားစွာ မြင်နိုင်၏။ ဝဝလင်လင် ကျွေးမွေးထားသော စစ်မြင်းကြီးများ၏ဟီသံများ၊ လက်နက်များထိခတ်၍ တချွင်ချွင်မြည်သံများ၊ အောင်ပွဲမုချခံရတော့မည်ဟု ယုံကြည်စိတ်ချနေသော စစ်သူရဲများ၏ ကျယ်လောင်သော ရယ်မောသံ၊ သီချင်းအော်ဟစ်ဆိုသံတို့ကို လည်းကြားရသည်။ ရန်သူ၏ သီချင်းသံ၊ ရယ်မောသံများထက် နားမခံသာကောင်းသော အသံသည် အဘယ်မှာ ရှိပါအံ့နည်း။

ရန်သူများသည် မြို့သူမြို့သားများ သောက်သုံးသော၊ မြို့ထဲသို့ စီးဝင်သော စမ်းချောင်းများတွင် အလောင်းများကို မျောချ၏။ မြို့ရိုးပတ်လည်ရှိ စပျစ်ခင်းများကို မီးရှို့ ပစ်လိုက်ကြ၏။ လယ်ခင်း ယာခင်းများကိုလည်း စိစိညက်ညက် ဖျက်ချေပစ်ကြ၏။ စားသုံးပင်များကို ခုတ်လှဲပစ်ကြ၏။ ယခုသော် မြို့ကြီးတစ်ခုလုံးသည် မြေပြင်ပေါ်တွင် အကာကွယ်မဲ့ ဟာလာဟင်းလင်း အထင်းသား ပေါ်နေရကား ရန်သူ အမြှောက် ကျည်ဆံများသည် မြို့တွင်းသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏။
စစ်ပန်းနေပြီး အစာရေစာ မဝတဝ ဖြစ်နေရှာသော စစ်သားတပ်စုများသည် မြို့တွင်းလမ်းများတွင် တိတ်ဆိတ်ငြိမ်သက်စွာ လှုပ်ရှားသွားလာလျှက် ရှိ၏။ အိမ်ပြတင်းဝများဆီမှ ဒဏ်ရာရသူတို့၏ ညည်းညူသံများ၊ ဆောက်တည်ရာမရ သွေးပျက်လုခမန်း အော်ဟစ်လိုက်သံများ၊ မိန်းမများ၏ ဆုတောင်းဝတ်ပြုသံများ၊ ကလေးများ အစာတောင်း ငိုဟစ်သံများ ထွက်ပေါ်ပျံ့လွှမ်းနေ၏။ မြို့တွင်းက လူများသည် စကားကို ကျယ်ကျယ်လောင်လောင် မပြောဝံ့ပဲ လေသံဖြင့်သာ ပြောကြ၏။ ပြောသောအခါတွင်လည်း ဝါကျတခုကိုပင် ပြည့်စုံအောင် မပြောကြ။ ရန်သူတွေ ရှေ့တိုးလာနေပြီလား ဟူသော စိုးရိမ်မှုသည် သူတို့တကိုယ်လုံးကို တောင့်တင်းခက်မာစေသည်။ အကြောအခြင်များကို ဆိုင်းတွစေသည်။

ညများကားချောက်ချားစရာတည်း။ ညည်းတွားသံများ၊ ငိုကြွေးသံများသည် ပို၍ ကျယ်လောင်လာသည်။ တပိုင်းတစပြိုပျက်နေသော မြို့ရိုးဆီသို့ ခပ်လှမ်းလှမ်းမှ တောင်ရိပ်သည် တအိအိ ဝင်ရောက်လာခဲ့ရာ ရန်သူ့စခန်းကိုပင် မမြင်နိုင်တော့ပေ။ အတန်ကြာမှ မည်းမှောင်နေသော တောင်စွယ်တန်း၏ နောက်ကွယ်မှ လမင်း ပြူထွက်လာသည်။ လမင်းကြီးသည် တိုက်ပွဲတွင် ဓားချက်များစွာ ထိုးခုတ်ခြင်းကို ခံရသည့် ဒိုင်းကြီးနှင့်ပင် တူလှချေ၏။

မြို့တွင်းရှိ လူအပေါင်းတို့သည် ရှုံးနိမ့်မှုကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ငတ်မွတ်ခေါင်းပါးမှုကြောင့် ပင်ပန်းနွမ်းရိနေသည်။ ဘေးဒုက္ခအပေါင်းမှ လွတ်ထွက်ရန် အခွင့်အလမ်းသည်လည်း တနေ့တခြား မှေးမှိန်လာသည်။ သူတို့သည် လမင်းကြီးကို လည်းကောင်း၊ လွှသွားများလို ချွန်ထက်နေသည့် တောင်ထွတ်များကိုလည်းကောင်း၊ တောင်ရိပ်များကိုလည်းကောင်း ကြောက်လန့်စိုးထိတ်ခြင်း အတိပြီးသော မျက်လုံးများဖြင့် ကြည့်နေကြရသည်။ သူတို့ပြောဆိုနေသောအကြောင်းအရာကား သေရေးအပြင် အခြားမရှိ။ သူတို့၏ နှလုံးသားကိုဖြေသိမ့်နိုင်မည့် ကြယ်ကလေးတပွင့်သည်ပင် အပြောကျယ်သော ကောင်းကင်ပြင်၌ မလင်း။ မလက်။ မရှိ။

ညည့်မှောင်သော်လည်း အိမ်များတွင် မီးမထွန်းရဲ။ ထို့ကြောင့် မြို့တွင်းလမ်းမများ အပေါ်တွင် အမှောင်ထုသည် သိပ်သည်းစွာ ကျရောက်နေသည်။ ဤအမှောင် သည်းသည်းမှာပင် မိန်းမအိုကြီး တစ်ယောက်သည် အဝတ်နက်ကို ခြေဆုံးခေါင်းဆုံးဝတ်ကာ အသံမမြည်အောင် ညင်သာစွာ လျှောက်လာသည်။ လူများက သူ့ကိုတွေ့သောအခါ အချင်းချင်း တီးတိုးစကားဆိုကြသည်။

“သူ………မဟုတ်လား”

“သူပေါ့………….သူပေါ့….”

တချို့လူများက သူ့ကိုတွေ့သောအခါ အိမ်တွင်းသို့ဝင်သွားသည်။ တချို့ကမူ ခေါင်းကိုငုံ့ကာ သူ့ကိုကျော်ဖြတ်သွားကြသည်။

ကင်းလှည့်နေသော တပ်စုခေါင်းဆောင် ကမူ-
“မော်နည မာရီယားနားပါလား၊ အပြင်ထွက်လာပြန်ပြီ၊ သတိနဲ့သွားနော်၊ အခုနေ ခင်ဗျား အသတ်ခံရရင် ဘယ်သူကမှ တရားခံကို လိုက်ရှာပေးမှာ မဟုတ်ဘူး” ဟု သတိပေးစကားပြောသည်။

သို့သော် မိန်းမအိုကြီး မာရီးယားနားသည် သူ့ကို ကင်းလှည့်တပ်စုက ဖြတ်ကျော်သွားသည်အထိ ရပ်စောင့်နေသည်။ ကင်းလှည့်စစ်သားများသည် မာရီယားနားကို မည်သို့မျှအန္တရာယ် မပေးကြ။ လူသေကောင် တကောင်လို ရှောင်ကွင်း၍သာ သွားကြသဖြင့် အမှောင်ထုထဲတွင် သူတယောက်တည်း ထီးထီးမားမား ဖြစ်နေသည်။ မာရီယားနားသည် တကိုယ်တည်းပင် တလမ်းဝင် တလမ်းထွက် သွားလာနေသည်။ သူ အသံမမည်ပဲ လှုပ်ရှားသွားလာပုံ၊ အမှောင်ထဲတွင် အဝတ်နက်ဝတ်ထားပုံတို့မှာ မြို့တော်၏ဂြိုဟ်ဆိုး၊ ကြမ္မာဆိုး လှုပ်ရှားသွားလာနေသည်နှင့်ပင် တူနေ၏။ ညည်းတွားသံ၊ ငိုဟစ်သံ၊ ရှုံးနိမ့်၍ စိတ်ပျက်ပျက်နှင့် ညည်းညူသံတို့သည် ဂြိုဟ်ဆိုး၊ ကြမ္မာဆိုးနှင့်တူသော မာရီယားနား၏ နောက်ပါးမှ တပါတည်း ကပ်၍ လိုက်နေသည်လား ထင်မှတ်ရ၏။

မော်နာမာရီယားနားသည် ဤမြို့သူ ဖြစ်သည့်အပြင် မိခင်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် မာရီယားနား၏ ခေါင်းထဲ၌ သူ့မြို့တော်အကြောင်းနှင့် သူ့သားအကြောင်းတို့မှာ တွဲ၍ ပေါ်နေသည်။ သူ့မြို့တော်ကို ချေမှုန်း ဖျက်ဆီး ပစ်မည် တကဲကဲ ဟန်ပြင်နေသော လူစုလူဝေးကြီး၏ ခေါင်းဆောင်မှာ သူ့သား။ ရုပ်ရည်ချောမောသော၊ အသည်းနှလုံးမရှိသော သူ့သား။ နှစ်များစွာ မကြာသေးခင်က ဤသားကို မွေးရသည့်အတွက် ဂုဏ်ယူမိသည်။ သူသည် သားကိုမွေး၍ သူ့နိုင်ငံ၏ ကျေးဇူးကို ဆပ်ရသည်ဟု ထင်မှတ်ခဲ့သည်။ သူ့သားသည် မာရီယားနား မွေးဖွားကြီးပြင်းခဲ့သော မြို့တော်။ သူကိုယ်တိုင်လည်း မွေးဖွားကြီးပြင်းခဲ့သော ထိုမြို့တော်နှင့် မြို့တော်သူ မြို့တော်သားများအတွက် အထောက်အကူဖြစ်မည်ဟုလည်း မှတ်ယူခဲ့သည်။ မာရီယားနား အဖို့ ဤမြို့သည် သူ့ အဘိုး အဘွား၊ အဘေးအဘီတို့ ချွေးနှင့်သွေးနှင့်ရင်းကာ ဆောက်တည်ခဲ့သောမြို့။

ဤမြို့တော်တဝိုက်မှ မြေကြီးသည် သူ့သွေး၊ သူ့သား အရင်းအချာများ မြှုပ်နှံထားရာမြေကြီး။ ဤဒေသရှိ ပုံပြင်များ၊ တေးသီချင်းများ၊ မျှော်လင့်ချက်များသည် သူ့ဆွေ သူ့မျိုးများ၏ ပုံပြင်၊ သီချင်း၊ မျှော်လင့်ချက်များပင် ဖြစ်ရကား၊ သူ့နှလုံးသားသည် ထိုထိုသော အရာတို့နှင့် သံယောဇဉ် အမျှင်ပေါင်း ထောင်သောင်းမက သွယ်တန်းယှက်နွယ် ပူးစပ်နေသည်သာ ဖြစ်၏။ ထိုသို့သံယောဇဉ် အမျှင်များ သွယ်တန်းနေသော အသည်းနှလုံးသည် ချစ်ရသောသူတစ်ဦး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။ ထို့ကြောင့် အသည်းနှလုံးသည် ပူဆာ ငိုကြွေးနေတော့၏။ မာရီယားနားသည် သူ့အသည်းပေါ်တွင် သူချစ်ရသော သားနှင့် သူချစ်ရသော ဇာတိမြေကို တင်ကာချိန်စက်နေမိ၏။ ဘယ်သင်းက အလေးသာသည်ကိုမူ သူမပြောနိုင်။

ဒွိဟ သံသယတွေ ဝင်လေလေ၊ မာရီယားနားသည် ညစဉ်လိုလို လမ်းတကာ လျှောက်မိလေလေဖြစ်နေ၏။ သူ့ကိုမမှတ်မိသော သူများက ညအခါ မာရီယားနားကို တွေ့ရလျှင် ရုတ်တရက် ကြောက်လန့်တကြီး ထွက်ပြေးကြ၏။ ညအမှောင် မည်းမည်းတွင် အဝတ်နက်နှင့် မိန်းမအိုကြီးသည်ကား သူတို့ဆီသို့ တိုးသထက် တိုးဝင်လာသော သေမင်း၏ တမန်ပင်လားဟု ထင်မှတ်မိသော ကြောင့်ဖြစ်သည်။ မာရီယားနားကိုမှတ်မိသူတို့ကလည်း မာရီးယားနားသည် သစ္စာဖောက်တစ်ဦး၏အမေ ဖြစ်နေသဖြင့် ဝေးဝေးကရှောင်ကြ၏။

တစ်ရက်တွင် မာရီယားနားသည် မြို့စွန် တစ်နေရာရှိ မြို့ရိုးအနား၌ မိန်းမတစ်ဦးကို တွေ့ရ၏။ ထိုမိန်းမသည် အလောင်းတလောင်း၏ဘေးတွင် ဒူးထောက်ထိုင်ကာ ဝမ်းနည်းကြေကွဲရိပ်များ သမ်းနေသည့်မျက်နှာကို ကြယ်များဆီသို့ မော့လျှက် ဆုတောင်း သမှုပြုနေ၏။ မြို့ရိုးပေါ်က စစ်သားများသည် အနှောင့်အယှက် မဖြစ်အောင် စကားကို တိုးညင်းစွာ ပြော၏။
သစ္စာဖောက်၏ အမေကမေးသည်။

“ရှင့် ခင်ပွန်းလား”

“မဟုတ်ပါဘူး”

“ရှင့် မောင်လား”

“ကျွန်မ သားပါ၊ ကျွန်မ ခင်ပွန်းက လွန်ခဲ့တဲ့ ၁၃ ရက်က ကျဆုံးသွားပြီ၊ ဒီကနေ့ ကျွန်မသား….”

ကျဆုံးသွားသူ၏ မိခင် မိန်းမသည် ဒူးထောက်ရာမှ ဖြည်းညင်းစွာ မတ်တတ် ရပ်လိုက်ပြီး-
“ဘုရားသခင်ရဲ့ မွေးမယ်မယ်ဟာ ကျွန်မသား သေတာကို မြင်မှာပါပဲ၊ သိလည်း သိမှာပါပဲ၊ ဘုရားမယ်တော်ကို ကျေးဇူးတင်မိပါတယ်ရှင်”

“မာဒိုနာ မယ်တော်က ဘာကိုမြင်ရသလဲ၊ ဘာကို သိရသလဲ”

“ကျွန်မသားလေးဟာ သူ့နိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတယ်ဆိုတာ မယ်တော် သိမှာပေါ့ရှင်၊ သူ့အတွက်လေ..ကျွန်မ စိုးရိမ်လိုက်ရတာ။ သူက ပေါ်ကြော့၊ အပျော်အပါး ကြိုက်တတ်တယ်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တယ်၊ သူ့မြို့ကို ဟို…မာရီယားနားရဲ့ သားလို သစ္စာဖောက် လိုက်လေမလားလို့ ကျွန်မ စိုးရိမ်မိတာပေါ့။ မာရီယားနားရဲ့ သားကတော့ ဘုရားသခင်နဲ့ လူသားတွရဲ့ ရန်သူ၊ ကျွန်မတို့ ရန်သူရဲ့ ခေါင်းဆောင်၊ ကျိန်စာသင့်ပါစေတော်၊ သူ့ကို မွေးတဲ့ ဝမ်းဗိုက်လည်းကျိန်စာသင့်ပါစေ”

မာရီယားနားသည် ညဉ့်အမှောင်ထဲမှာပင် ဖြစ်လင့်ကစား မျက်နှာကို ဝှက်ကွယ်မိသည်။ နောက်တစ်နေ့ နံနက်တွင် မာရီယားနားသည် မြို့တော်ကာကွယ်ရေး တပ်သားများ ရှေ့မှောက်သို့ ဝင်ကာ-
“ငါ့သားဟာ မင်းတို့ရဲ့ ရန်သူဖြစ်နေပြီ၊ ဒီတော့ ငါ့ကို သတ်ပစ်ကြပါ၊ မသတ်ရင်လည်း ငါ့ကို ငါ့သားဆီ သွားခွင့်ပြုပါ” ဟု တည်ကြည်စွာ ကြေငြာလိုက်၏။

“ခင်ဗျားဟာ လူသားတစ်ယောက်ပါ၊ ခင်ဗျားဟာ ခင်ဗျားရဲ့နိုင်ငံကို မြတ်နိုးမှာ အမှန်ပဲ၊ ခင်ဗျားရဲ့သားဟာ ကျွန်တော်တို့ တစ်တွေရဲ့ရန်သူဖြစ်သလို ခင်ဗျားရဲ့ ရန်သူပါပဲ”

“ဒါပေမယ့် သူဟာ ငါ့သား၊ ငါ့သားကို ငါသိပ်ချစ်တယ်၊ ငါဟာ သားကို မွေးခဲ့ပါတယ်၊ ဒီတော့ ရန်သူကို မွေးပြီး ရန်သူကိုချစ်တာဟာ အပြစ်ရှိမှာပါပဲ”

ကာကွယ်ရေးတပ်သားများသည် စုပေါင်း တိုင်ပင်ကြပြီး ဆုံးဖြတ်ချက် ချလိုက်သည်။

“ခင်ဗျားသားရဲ့ မိုက်ပြစ်အတွက် ခင်ဗျားကိုသတ်ပြီး ကျွန်တော်တို့ ဂုဏ်ယူဖို့ မလိုပါဘူး၊ ခင်ဗျားသားကို အင်မတန်ကြီးလေးတဲ့ ပြစ်မှုတွေကျူးလွန်အောင်လို့ ခင်ဗျား ဦးဆောင်လမ်းပြတာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်၊ အခု ခင်ဗျားရင်ထဲမှာ ဘယ်လောက် မချိတင်ကဲဖြစ်ပြီး နာကျင်နေမယ် ဆိုတာကိုလည်း စာနာမိပါတယ်။ ကျွန်တော်တို့ မြို့တော်ကို မတိုက်ခိုက်အောင်လို့ ခင်ဗျားကို ဓားစာခံ လုပ်ထားဖို့လည်း ကျွန်တော်တို့ စိတ်မဝင်စားပါဘူး၊ ခင်ဗျားသားဟာ အခုလောက်ဆို ခင်ဗျားကို မေ့နေပါပြီလေ၊ ခင်ဗျားကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် အောက်မေ့မှာ မဟုတ်ပါဘူး၊ ဒီလိုသားမျိုးမွေးမိတယ်လို့ ခင်ဗျားသိတာကိုက အပြစ်ဒဏ် ခတ်ပြီးသား ဖြစ်နေပါပြီ။ ဒီအသိဟာလည်း သေလောက်တဲ့ အထိ ဆိုးရွားတယ် ဆိုတာ၊ ကြောက်စရာကောင်းတယ် ဆိုတာ ခင်ဗျားလည်း သိမှာပါပဲ”

“ဟုတ်တယ်၊ သေဒဏ်ထက် ဆိုးပါတယ်ကွယ်” ဟု မာရီယားနားက တုန်ယင်စွာ ဖြေလိုက်သည်။ ထို့နောက်-
တပ်သားများသည် မာရီယားနား ထွက်ခွာသွားနိုင်ရန် မြို့တံခါးကို ဟပေး လိုက်လေသည်။ မြို့တော်ကို ခွာရပြီ ဆိုသည်ကပင် မာရီယားနားတစ်ယောက် အသည်းနာတော့မည်ကိုလည်း သူတို့သိလေသည်။ သူ့ချက်မြှုပ် ဇာတိမြေကို မာရီယားနား ခွဲခွာခဲ့ရပြီ။ သူ့ဇာတိမြေသည် သူ့သားကြောင့် သွေးအိုင်ထဲတွင် မျောနေရပေပြီ။ မာရီယားနားသည် မြို့ပြင်သို့ ရောက်သွားသည့်တိုင်အောင် ခြေလှမ်းများ နှေးကွေးဆဲပင် ဖြစ်သည်။ ဤမြို့ ဤနိုင်ငံအပေါ် အထပ်ထပ် ရစ်တွယ်ထားသော သံယောဇဉ်ကြိုးများက တုံ့ဆွဲထားသောကြောင့်ပင် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် တွေ့ရသော အလောင်းများကို မာရီယားနားသည် ဦးညွတ်အလေးပြုခဲ့သည်။ ကျိုးပဲ့နေသော လက်နက်များကို တွေ့လျှင် ရွံရှာမုန်းတီးစွာ ကန်ထုတ်ပစ်ခဲ့သည်။

မြို့ရိုးပေါ်မှနေ၍ မာရီယားနားကို စောင့်ကြည့်နေသူများအဖို့ မာရီယားနား၏ သဏ္ဍာန်သည် တဖြည်းဖြည်း သေးငယ်၍ သွားသည်။ သူတို့၏ ကျဆင်းနေသော စိတ်ဓါတ်များ၊ မျှော်လင့်ချက် ကင်းမဲ့မှုများသည်လည်း မာရီယားနားနှင့်အတူ လိုက်ပါသွားသည်ဟု ထင်မှတ်မိသည်။ သေးငယ်သော သဏ္ဍာန်သည် မြို့ရိုးနှင့် ရန်သူများအကြားလမ်းခုလတ်တွင် ရပ်တန့်လိုက်သည်။ နောက်မြို့ဘက်ကို လှည့်ကာ အတန်ကြာ ငေးစိုက်ကြည့်နေသည်။ ရန်သူ့ တပ်နားသို့ ရောက်သောအခါ သေးငယ်သောသဏ္ဍာန်အနားသို့ အခြားသဏ္ဍာန်များ ဝိုင်းအုံလာသည်ကို တွေ့လိုက်ရသည်။ ရန်သူတပ်သားများက မာရီယားနားကို စစ်ဆေးမေးမြန်းကြ၏။

“မင်းတို့ရဲ့ ခေါင်းဆောင်ဟာ ငါ့သားပဲ”

မာရီယားနားကပြောလိုက်သည်။ မည်သည့်စစ်သားကမှ မယုံမကြည် မဖြစ်။ သူတို့သည် မာရီယားနား၏ ဘေး၌ စုရုံးလာကြပြီး သူတို့ခေါင်းဆောင်၏ ဂုဏ်ပုဒ်ကို ချီးကျူးထားသော သီချင်းများကို သံပြိုင် ဟစ်ကြွေး သီဆိုကြ၏။ သူတို့ခေါင်းဆောင် မည်မျှ လိမ္မာပါးတပ်ပုံ၊ ရဲရင့် သတ္တိရှိပုံတို့ပင် ဖြစ်သည်။ မာရီယားနားသည် သူတို့၏ သီချင်းသံကို နားထောင်ရင်း ဝင့်ကြွားဂုဏ်ယူသည့် အနေဖြင့် ခေါင်းမော့လာသည်။ သူ့သားသည် လိမ္မာပါးနပ် သတ္တိဗျတ္တိရှိသူ အပြင် အခြားဘာမှ မဖြစ်နိုင်သည်ကို သူသိပြီးသားပင်ဖြစ်သည်။

မာရီယားနားသည် သူ့သားရှေ့မှောက်သို့ ရောက်ခဲ့ပြီ။ မမွေးဖွားမီ ကိုးလကပင် ကြိုတင် သိထားခဲ့ရသော သူ့သား။ သူ့နှလုံးသားနှင့် ဘယ်လိုမျှ ခွဲခွါမရနိုင်သော သူ့သား။ ယခုမူ သူ့သားသည် ပိုးဖဲကတ္တီပါဝတ်တို့ကို လွှမ်းခြုံလျက်၊ အဖိုးအနဂ္ဃတန်သော ကျောက်မျက်ရွဲတို့ဖြင့် မွမ်းမံဖြယ်သထားသော ဓားကိုဆောင်လျှက် သူ့ရှေ့မှောက်တွင် ရောက်နေပေပြီ။ သူ့သားသည် သူမကြာခဏ ဆိုသလို အိပ်မက်တွင်တွေ့ခဲ့ရသည်နှင့် ထပ်တူ ချမ်းသာကြွယ်ဝသူ၊ ကျော်ကြားထင်ရှားသူ၊ လူအများချီးကျူးခံရသူ ဖြစ်နေပေပြီ။

“အမေ…အမေ”

သူ့သားသည် သူ့လက်ကို အခါခါ နမ်းရှုပ်ရင်း မြည်တမ်းလေသည်။

“အမေ နောက်ဆုံးတော့ ကျွန်တော့်ဆီ ရောက်လာပြီပေါ့၊ အမေဟာ ကျွန်တော်နဲ့ အတူ ရှိနေပြီ၊ မနက်ဖြန်ဆို ဟောဒီ ကျိန်စာသင့်နေတဲ့မြို့ကို ကျွန်တော် ပိုင်ပိုင်ကြီး ချေမှုန်းပစ်လိုက်တော့မယ်”

“အဲဒီမြို့ဟာ မင်းရဲ့ ဇာတိချက်မြှုပ်မြို့နော်…..သား”

မာရီယားနားက သတိပေးသလို ပြောလိုက်သည်။

တန်ခိုးအာဏာတွင် ယစ်မူးလျှက်၊ နောက်ထပ် ကျော်စောထင်ရှားမှုကို အာသာငမ်းငမ်း တပ်မက်နေသော သားသည် ငယ်မာန်နှင့် အမေ့ကို ပြန်ဖြေလိုက်သည်။

“အမေပြောတာ မဟုတ်ဘူး၊ ကျွန်တော်ဟာ ကမ္ဘာထဲမှာ မွေးလာတာ၊ ကမ္ဘာကြီးအတွက် မွေးလာတာ၊ ကျွန်တော့်အတွက် ကမ္ဘာတစ်ခုလုံးဟာ သိမ့်သိမ့်တုန်သွားရမယ် အမေ၊ ကျွန်တော် ဒီမြို့ကို မတိုက်သေးဘဲ ဒီလောက်အထိ ချမ်းသာပေးထားတာ ဘာကြောင့်လဲ၊ သိလား….အမေ့ကြောင့်။ ဒီမြို့ဟာ ကျွန်တော့်အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ဆူးပဲ အမေ၊ တရှိန်ရှိန်တက်နေတဲ့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ဟန့်တားနေတဲ့ အဟန့်အတားတစ်ခုပဲ။ ကြည့်ကြသေးတာပေါ့၊ မနက်ဖြန်ဆိုရင် လူမိုက်တွေ စုဝေးနေတဲ့ အသိုက်ကလေးကို ကျွန်တော် ဖျက်ပြပါ့မယ်”

“သား…ဖျက်မယ်ဆိုပြီး ကြိမ်းဝါးနေတဲ့ မြို့က ကျောက်တုံးလေးတိုင်းဟာ သားနဲ့ ကစားဖော် ကစားဖက်တွေပေါ့”
မာရီယားနားက ပြောလိုက်၏။

“ကျောက်တုံးတွေဟာ စကားမပြောတတ်ပါဘူး အမေ၊ လူတွေကသာ စကားပြောတတ်သလို အလင်္ကာတွေ သုံးနေတာပါ၊ ကျောက်တုံးကို ဖယ်ထားလိုက်ပါ၊ တောင်ကြီးတွေက ကျွန်တော့်အကြောင်း ချီးမွမ်းပြောဆိုလာအောင် ကျွန်တော် လုပ်ပြပါ့မယ်”
“သားပြောသလို ကျောက်တုံးတွေဖယ်ထား ဆိုလည်း ထားလိုက်ပါတော့၊ လူတွေကကောကွယ်”

“အား…ဟုတ်တယ်၊ ဟုတ်တယ်၊ လူတွေကို ကျွန်တော်လိုတယ်၊ လူတွေရဲ့ မှတ်ဥာဏ် ထဲမှာသာ သူရဲကောင်းတွေဟာ မသေမပျောက်ပဲ အမြဲရှင်သန် နေတာကိုး အမေရဲ့”

“သူရဲကောင်းဆိုတာ သေခြင်းကို အာခံပြီး ရှင်သန်ကြီးပွားခြင်းကို ဖန်တီးသူတွေ၊ သေခြင်းကို အောင်နိုင်သူတွေ….”
မာရီယားနား၏ စကားမဆုံးမီပင် သူ့သားက စကားဖြတ်၍ ဆို၏။

“မဟုတ်ဘူးအမေ၊ မဟုတ်ဘူး၊ မြို့တစ်မြို့ကို တည်ဆောက်သူလို ဖျက်ဆီးသူဟာလည်း ထင်ပေါ်ကျော်ကြားတာပဲ၊ ရောမမြို့ကြီးကို ဘယ်သူတည်ခဲ့သလဲ၊ “အေအီနီယတ်စ်”လား…..“ရိုမြူလတ်စ်”လား၊ ဘယ်သူမှ သေသေချာချာ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့သေသေချာချာ မှတ်မိတာကတော့ အာလာရစ်နဲ့ သူရဲကောင်းတွေဟာ ရောမမြို့ကို ဖျက်ဆီးပစ်တယ်ဆိုတာပဲ”

“ဒါပေမယ့် ရောမဆိုတဲ့ နာမည်ကတော့ အာလာရစ်နဲ့ သူရဲကောင်းတွေထက် သမိုင်းမှာ တင်ကျန်ရစ်ခဲ့တယ်နော်…သား”
သားအမိနှစ်ယောက်သည် တောင်စွယ် နေကွယ်သည်အထိ စကားပြောနေကြသည်။ သူ့သား၏ အားနှင့်မာန်နှင့် ပြောစကားများကို အမေသည် ကြားဖြတ်ပြောသည့် အကြိမ်နည်းလာသည်နှင့် အမျှ သားအတွက်ဂုဏ်ယူဝင့်ကြွားစွာ မော်ထားသော ဦးခေါင်းသည်လည်း တဖြည်းဖြည်း နိမ့်ကျလာသည်။

အမေသည် အသက်ကို ဖန်တီးသူ၊ ကာကွယ်စောင့်ရှောက်သူဖြစ်သည်။ ဖျက်ဆီးခြင်း အကြောင်းကိုပြောသူသည် အမေကိုဆန့်ကျင်သူဖြစ်သည်။ သားသည် အမေကို ဆန့်ကျင်ဘက်ပြုနေကြောင်း သားမသိနိုင်ခဲ့။ မမြင်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် အေးစက်မာကြောစွာ တောက်ပနေသော အောင်မြင်ကျော်ကြားမှု အရှိန်အဝါသည် သား၏နှလုံးသားကို ခံစားသိမြင်မှုမှ ချုပ်ငြိမ်း ကင်းကွာစေခဲ့ပြီ ဖြစ်သောကြောင့်တည်း။

အမေတို့သည် သူတို့ ဖန်တီးထားသောအသက်များ၊ သူတို့မြတ်နိုးတန်ဖိုးထားသော အသက်များ၊ အန္တရာယ်နှင့်ကြုံပြီဆုံပြီဆိုလျှင် အတုမရှိအောင် အကြောက်အရွံ့မဲ့ တတ်သည်။လိမ္မာပါးနပ်စွာ အညှာအတာမဲ့တတ်သည်။ ထိုအချက်ကို အမေ မာရီယားနား၏ သားတစ်ယောက် မသိရှာပေ။

အမေ မာရီယားနားသည် သူ့သား၏ ကြီးကျယ်ခမ်းနားသော စစ်တဲကြီးထဲတွင် ခေါင်းကိုငုံ့လျက် ထိုင်နေသည်။ တဲဝကို ကျော်ဖြတ်၍ ကြည့်လိုက်သောအခါ မာရီယားနားသည် သူ့မြို့ရိုးကိုလှမ်းမြင်ရသည်။ ဤမြို့ကို မြင်သည်နှင့် တစ်ပြိုင်နက် မာရီယားနား၏ ရင်တွင်းသို့ချိုမြသော ပီတိအဟုတ်ဝင်ရောက် ရိုက်ခတ်လေတော့သည်။ ဤမြို့၌ သူ့ရှေ့တွင်ရှိနေသော သားကို မွေးဖွားခဲ့ရပုံကိုလည်း သတိရနေမိသည်။ ဝင်လုဆဲ နေမင်း၏ နီကြင့်ကြင့် အရောင်သည် မြို့ရိုးများ၊ ပြအိုးများကို သွေးနီရောင်ခြယ်ပေးနေရကား မြို့ကြီး တစ်မြို့လုံးသည် သွေးများ ရွှဲနေသော ဒဏ်ရာကြီးနှင့်တူလှတော့သည်။ မာရီယားနား ငေးစိုက် ကြည့်နေရင်းပင် နေဝင်သွားပြီး အမှောင်ကျလာသည်။ သွေးရွှဲရွှဲလို ရဲရဲနီသော မြို့သည် တဖြည်းဖြည်း မည်းမှောင်ကာ လူသေတစ်ယောက်လို ဖြစ်လာသည်။ မြို့အထက်က ကြယ်ပွင့်ကလေးများသည် ပင်လျှင် မသာခေါင်းရင်း၌ ထွန်းညှိထားသော ဖယောင်းတိုင်ကလေးများလား အောက်မေ့ရသည်။

“ကျွန်တော်တို့ ဒီကနေ့ည ဒီမြို့ကို တိုက်ရလိမ့်မယ်ထင်တယ်၊ အမှောင်သိပ်သည်းရင် တိုက်ဖို့လိုတယ်။ မနက်လင်းမှဆိုရင် နေရောင်ရယ်၊ လက်နက်အရောင်တွေရယ် မျက်စိထဲ စူးဝင်လာပြီး ခုတ်ချက် ထိုးချက်တွေ သိပ်မမှန်တတ်ဘူး”
သားသည် ဓားကြီးကို တဆဆ လုပ်ရင်းပြောလိုက်သည်။

“ကဲ..လာ လာ သားကလေးရယ်…အမေ့ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်လိုက်ပါဦး၊ မင်းငယ်ငယ်တုန်းက အိပ်သလိုလေ၊ မင်းငယ်ငယ်တုန်းကဆိုရင် လူတွေ သိပ်ချစ်ကြတာ”

မာရီယားနားက သားကိုခေါ်လိုက်သည့်အခါ သားသည် အမေ့ ရင်ခွင်သို့ တိုးဝင်လာပြီး မျက်လုံးကိုမှိတ်ခါ အနားယူ လိုက်လေသည်။

“ကျွန်တော်ဟာ ကျော်ကြားမှုကိုချစ်တယ်၊ နောက်ပြီး အမေ့ကိုလည်း ချစ်တယ်၊ အမေဟာ ကျွန်တော့်ကို မွေးပေးလို့ ကျွန်တော် အခုလို အခြေအနေ အထိ မြင့်တက်ခဲ့တာပဲ”

“မင်း မိန်းမတွေကော မချစ်ဘူးလားကွယ်” အမေသည် သူ့ကိုယ်ကို သူ့သားအပေါ်သို့ ကိုင်းညွတ်ရင်း မေးလိုက်၏။

“မိန်းမတွေ အများကြီးရှိနေသားပဲ၊ ဘာဟာ အချိုဆုံးလဲဆိုပြီး လူတွေမြည်းကြည့်သလို သားလည်း မြည်းကြည့်ဖူးပါတယ်”

“ကလေးတွေ ဘာတွေကော မင်း မလိုချင်ဘူးလား သား”

“ဘာလုပ်ဖို့လဲ အမေရယ်၊ သူများ အသတ်ခံရဖို့လား၊ ကျွန်တော့်လို စစ်ဘုရင် တစ်ယောက်ယောက်ရဲ့ အသတ်ခံရဖို့လား၊ သူတို့ တစ်တွေ အသတ်ခံရရင် ကျွန်တော်ရင်နာမယ်၊ အဲဒီအချိန်မှာ သူတို့ကို သတ်တဲ့သူကို လက်စားချေဖို့ကလည်း ကျွန်တော် အိုနေတော့ ဖြစ်မှာ မဟုတ်ဘူး”

“သားဟာ သိပ်ချော တာပဲ၊ ချစ်စရာလည်း သိပ်ကောင်းတာပဲ သားရယ်၊ သားရဲ့ အလှဟာ လျှပ်ပန်းလျှပ်နွယ် တစ်ခုလိုပဲ”

“ဟုတ်တယ် အမေ၊ လျှပ်ပန်းလျှပ်နွယ် တစ်ခုလိုပဲ” သားက အမေကို ပြုံးပြရင်း အဖြေပေးလိုက်သည်။

မာရီယားနား၏ ရင်ခွင်ထက်ဝယ် ခေါင်းတင်ရင်းသားသည် ငိုက်မျဉ်းစ ပြုနေသည်။ သားသည် စစ်ဘုရင်ကြီးတစ်ပါး မဟုတ်တော့ဘဲ အမေ့ရင်ခွင်ထဲ၌ ကလေးငယ်လေးသာ ဖြစ်နေလေသည်။

မာရီယားနားသည် သူ့သား၏ကိုယ်ကို သူဝတ်ထားသော ခြုံထည်အနက်ဖြင့် လွှမ်းခြုံလိုက်ပြီး၊ သူဝှက်ယူလာခဲ့သည့် ဓားဖြင့် သား၏နှလုံးသားကို ထိုးစိုက်ချလိုက်သည်။ သားတစ်ယောက်၏နှလုံးသားသည် ဘယ်နေရာမှာရှိသည်ကို အမေလောက် သိနိုင်သူ လောက၌ မရှိ။ သူ့သားသည် တစ်ချက်မျှ တွန့်လိုက်ပြီး အသက်ပျောက်သွားသည်။

မာရီယားနားသည် အသေကောင်ကို အစောင့်ခြေရင်း၌ ချထားလိုက်ပြီး သူ့ဇာတိ ချက်မြှုပ် မြို့တော်ဆီသို့ မျက်နှာမူကာ-
“နိုင်ငံသားတစ်ယောက် အနေနဲ့ ကျွန်မဟာ လုပ်ဆောင်သင့်တာကို လုပ်ပြီးပါပြီ၊ အမေတစ်ယောက် အနေနဲ့ ကျွန်မဟာ ကျွန်မသားနဲ့ အတူပဲ နေလိုပါတယ်၊ ကျွန်မမှာ သားတစ်ယောက် နောက်ထပ်မွေးဖို့ အချိန်မရှိတော့ပါဘူး၊ ဒါကြောင့်လည်း ကျွန်မဟာ ဘယ်သူ့အတွက်မှ အသုံးမဝင်တော့ပါဘူး”

သူ့သား၏သွေး၊ တစ်နည်းဆိုရလျှင် သူ့သွေး၏ သွေးနှင့် ပူနွေးနေသော ဓားမြှောင်ကို တင်းကျပ်စွာ ကိုင်ပြီး သူ့အသည်းနှလုံးရှိရာသို့ မာရီယားနားသည် ထိုးစိုက်လိုက်၏။ ဤတစ်ချက်လည်းမလွဲပေ။

အဘယ်ကြောင့်ဆိုသော် နာကျင်နေသော အသည်းနှလုံးသည် အရှာရ အလွယ်ဆုံးမဟုတ်ပါလား။ ။


(“The Mother of Traitor” by M. Gorky; Russia)
[ရှုမဝ၊ တွဲ (၃၁)၊ မှတ် (၃၆၁)၊ ဇွန် ၁၉၇၇]
ညွန့်ကြူး (မြန်မာပြန်)
နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား ဝတ္တုတိုများ
ဖေဖော်ဝါရီ ၂၀၀၈ (ဒုတိယအကြိမ်)
ရာပြည့်စာအုပ်တိုက်

No comments:

Post a Comment