အခါကားလွန်ခဲ့သော နွေဥတုကျောင်းပိတ်ချိန်။ နေ့ကား စနေနေ့တည်း။ နေမင်းကအလွန်ပူ ညည်းညူရနဘန်း စိတ်ဝမ်းမချမ်းသာစရာပင်တည်း။ ကျွန်တော်၏ရွာအနီး မန်ကျည်းပင်ရွာနေ မိတ်ဆွေ ဆယ်အိမ်ခေါင်းမောင်ဖိုးဘသည် ကျွန်တော့်ထံသို့အရေးတကြီး ရောက်လာခဲ့လေ၏။ လာရခြင်း အကြောင်းမှာကား အခြားမဟုတ်၊ ဘောလုံးပွဲတွင် “ဝဇီကိုင်”လုပ်ရန် ပြောကြား လိုသောကြောင့်တည်း။ (ဝဇီကိုင် ဆိုသည်မှာ မန်ကျည်းပင်ရွာသုံးစကား။ ဝီစီခေါ် ပီပီကို ကိုင်မှုတ်ကာ ဘောလုံးပွဲတွင် ဒိုင်ပြုလုပ်သူပင်တည်း။ ဤကားအမှာ)
မကြာမီကျွန်တော်သည်ကျောင်းတွင်ဝတ်လေ့ရှိသော ဘောလုံးကန် အကျီင်္ကြား၊ ခြေအိတ်ကြားနှင့် ဘောင်းဘီကိုဝတ်ပြီးသော် လှေလှော်အသင်းကုတ် အကျီင်္စိမ်းကိုအပေါ်ရုံ၍ အရန်သင့်စောင့်လျှက်ရှိသော လှည်းပေါ်သို့ တက်ခဲ့လေ၏။ ဖိုးဘသည် ဂီယာနံပါတ် ၁ တည်းဟူသော တံဖျာကို ကိုင်၍ဝင့်ရာ နွားတို့သည် ရုန်းစပြုလေ၏။ ထို့နောက်ကြိမ်တံဖျာနှင့် ခပ်ဆတ်ဆတ် ရိုက်၍ငေါက်ရာ လှည်းသည် အလွန်လျင်မြန်လေ၏။ ဤကား ဂီယာ နံပါတ် ၂ နှင့် ၃ တည်း။ လှည်းသွားစဉ် ဖိုးဘက “ဟဲ့ ဝိုင်းကြီး၊ ဘာနှေးကန်နေရတာလဲ။ ဝိုင်းတော်သူလို လုပ်မနေနဲ့။ အခုထိသွားမယ်။ အောင်မယ် ဟိုဘက်က နွားကျားကြီးကရော၊ ဘာဟန်လုပ်နေရတာလဲ။ လမ်းဘေးက နွားဖြူမလေးမြင်လို့လား။ ဒီလိုတော့မလုပ်နဲ့။ ကြိုက်ရင်ကြိုက်တယ်ပြော။ အခုဝယ်ပြီး အိမ်ခေါ်သွားပေးမယ်။” ဟုဆိုကာ တံဖျာကို အထက်မြှောက်၍ အချက်ကျကျ ငေါက်ရာတွင် အလိုက်သိသောနွားတို့သည် ခြေကုန်သုတ်ကြလေ၏။ ရန်ကုန်မြို့တွင် မော်တော်ကားမှထွက်သော ဓါတ်ဆီအခိုးအနံ့ကိုရှူရှိုက်နေကြဖြစ်ပေမဲ့ ထိုစဉ်အခါဝယ် နွားချေးအနံ့ဖြင့်သာ တင်းတိမ်ရတော့၏။ တောရွာတွင် အဘယ်မှာလျှင် ဓါတ်ဆီရနိုင်ပါအံ့နည်း။ သူ့အထိုက်အလျှောက်နှင့်သာ ကျေနပ်ကြရသည်သာတည်း။
မကြာမီ ဂေါဏမော်တော်ကားသည် ရပ်တန့်သဖြင့်မေးကြည့်ရာ မန်ကျည်းပင်ရွာသို့ ရောက်ပြီဖြစ်ကြောင်းသိရ၏။ တက္ကသိုလ်ကျောင်းမှဝဇီကိုင်ရောက်မည်ဟု ကြားသိရ၍ ဘယ်လို အကောင်မျိုးလဲဟုသိရှိရန် လာ၍စောင့်နေကြသည်မှာ မနည်းလှပေ။ တက္ကသိုလ်ကဆို၍ မင်းသားဖြစ်မည်ဟု အထင်ရှိနေကြသေးသော လူအချို့တို့မှာ မျက်လွှာကို အောက်ချ၍ မနီးမဝေးမှ ဒူးတုပ်ကာ ခစားနေကြ၏။ ထိုစဉ်ပင် ရွာသူကြီးနှင့် ကျေးရွာလူကြီးလေးဦးတို့သည် အနီးသိုချဉ်းကာ “အရှင်၊ ဒီကိုကြွပါ။ အရန်သင့် ပွဲတော်များပြင်ဆင်ထားနှင့်ပါတယ်” ဟု မရဲတရဲကြည့်ကာ နားတော် လျှောက်ကြလေ၏။ ကျွန်တော်သည်ကား မျက်နှာထားခပ်တည်တည်နှင့် ဂေါဏယာဉ်ပေါ်မှ ဆင်းသက်ခဲ့တော့၏။
ထမင်းပွဲမှာ အရန်သင့်ရှိနှင့်နေပြီ။ ငါးခြောက်နှင့်ခရမ်းသီးဟင်း၊ သစ်တိုသီးအိုးစိမ်၊ ကန်စွန်းရွက်ကြော်၊ ငါးသေတ္တာနှင့် ဘူးသီးဟင်းချို တို့သည် မင်းသားပွဲတော်တည်ရန်ငံ့လင့်၍ နေကြဘိ၏။ ရာဇကုမာရလည်း ရာဇိနြေ္ဒမှ မငဲ့ကွက်နိုင်တော့ဘဲ ခပ်ဆာဆာနှင့် အတွင်သားဟပ်ရာ ဗိုက်ကားမှ တော်တော့၏။ မကြာမကြာ နန်းတော်သူထက်မသာသော်လည်း နန်းတော်သူထက်ပင် နုပျိုသော အဆင်းအရွယ်နှင့်ပြည့်စုံသော မန်ကျည်းပင်သူကလေးများကို စောင်းငဲ့ကြည့်ရှုမိ၏။ ပွဲတော်တည်၍ ဝပြီ။ ဗိုက်ကားပြီဖြစ်၍ ဘောလုံးကွင်းသို့သွားရန်သာ လိုတော့သည်။ သူ့ဆန်စား ရဲမှ ဖြစ်တော့မည်။
ရန်ကုန်မြို့ မြင်းပြိုင်ကွင်းမှ ဝင်းသန်း၊ ဝင်းစိန်တို့ထက်ပင် နာမည် မကျော်ကြားသော်လည်း မန်ကျည်းပင်ရွာတွင် အကောင်းဆုံးပင်ဟု သမုတ်ခြင်းကိုခံရသော ကွတ်နီနာမ အဿလိမ္မာသည် ရောက်နှင့်နေပြီ။ မင်းသားလည်းလေးလံသော ခန္ဓာကိုယ်ကိုအနိုင်နိုင်ပင့်ထူကာ အဿထိုရ်ပေါ်သို့ တက်ပြီးလျှင် နောက်လိုက်နောက်ပါတို့ဖြင့်ထွက်ရာ နေ့လည် ၁၂ နာရီခန့်တွင် ဘောလုံးကွင်းသို့ ရောက်ချေ၏။ နေကလည်းပူပြင်းပါဘိ။
ဘယ်ကသတင်းကြားမှန်းမသိ။ ဘောလုံးကွင်းတွင်လာရောက်စောင့်ဆိုင်းနေသူတို့မှာ ၅၀၀ ခန့်လောက်ရှိ၏။ လူပျို၊ အပျို၊ လူအိုနှင့် သားသည်အမေတို့မှာ အများပင်ဖြစ်၏။ ဘောလုံးကွင်းမှာ ဘီအေအေကလိုမဟုတ်။ ထူဆန်းသဖြင့် မှတ်သားဖွယ်ကောင်းလှ၏။ အလျားနှင့်အနံမှာ ထပ်တူဖြစ်ရကား လေးထောင့်ပုံသဏ္ဍာန်ရှိ၏။ သို့သော် အထူးကျဉ်းလေသည်။ မျဉ်းကြောင်းဟူ၍မရှိ။ ဘေးနှစ်ဘက်တို့တွင် ရိုးငယ်နှစ်ခုသာ ရှိလေတော့သည်။ ဘောလုံးရိုးထဲသို့ကျမှ ယူ၍မြှောက်ရ လေသည်။ ကြုံမှ ကြုံတွေ့ရတတ်သည်တကား။
မကြာမီ ဘောလုံးကစားသူများရောက်ပြီဖြစ်၍ ဝီစီမှုတ်ရန်သာလိုတော့သည်။ ဝီစီ ဘယ်မှာနည်း။ ရှာ၍မရချေ။ သို့သော် ဝီစီအစား ဝါးကုလားတက်ငယ်နှင့်ခေါက်ရန် တုတ်တိုတစ်ချောင်းကို လာရောက်ပေးအပ်လေ၏။ တဖက်အသင်းမှာ အကျီင်္ဗလာ။ ကျန်တဖက်မှာကားနတ္တိ။ သို့ရှိဘိလည်း တဖက်အသင်းက ထုံးကိုအရည်ဖျော်၍ ကိုယ်တွင် သုတ်ထားဘိ၏။ ဤကား ချွေတာရေး အစစ်တည်း။ မြို့သားများကဲ့သို့ အကျီ၊ ဖိနပ်၊ ခြေအိတ်ဝယ်ရ၍ စရိတ်ငွေ မကုန်ကျချေ။
ထိုစဉ်ပင်လျင် အပေါက်စောင့်၊ ၂ တန်းလူ၊ ၃ တန်းလူ၊ ၅ တန်းလူ၊ လက်ဘော်၊ ရမ်းကား၊ ရှေ့လွန်၊ ပိန္ဒဲသီး စသော စကားထူး စကားဆန်းများကိုကြားရ၍ မေးကြည့်ရာ “၅တန်းလူ” မှာဖော်ဝါဒ်၊ “အပေါက်စောင့်” မှာဂိုးသမား၊ “၂ တန်းလူ”မှာ ဖူးလ်ဘက်၊ “၃တန်းလူ”မှာ ဟက်ဘက်၊ “လက်ဘော်” မှာသိသာပြီ။ “ရမ်းကား”မှာ ဖောင်းလ်၊ “ရှေ့လွန်”မှာ အောက်ဆိုက်၊ “ပိန္ဒဲသီး”မှာပီနယ်လတီတို့နှင့် ညီကြောင်းများကို အံ့သြဝမ်းမြောက်စွာ သိရ၏။ အံ့သြခြင်းမှာကား သင့်လျော်စွာ ဘာသာပြန်ဆိုနိုင်ခြင်းကြောင့်ဖြစ်၏။ ဝမ်းမြောက်ခြင်း၌ နိုင်ငံခြားစကား အခေါ်အဝေါ်တို့ကို မြန်မာစာသက်သက်ဖြင့် မှန်ကန်ကျနစွာ ပြန်ဆိုနိုင်ကြောင်းကို ထင်ရှားသိသာသောကြောင့်တည်း။ ဘောလုံးကွင်းနံဘေး နှစ်ဖက်နှစ်ချက်တွင် ရိုးငယ်ကလေးရှိနေရာ “ကော်နာ” ကန်၍ မရသဖြင့်ယင်းစကားကို မည်သို့ခေါ်ကြောင်း မသိရ။ သို့သော် “ထောင့်ကန်” ဟူသောစကားသည် အလွန်သင့်လျော်ပေမည်။ “ပိန္ဒဲသီး” မှာကား ပီနယ်လတီပင်တည်း။ ဂိုးအနီးတွင်ရမ်းကားသည် ဖြစ်စေ၊ ဘောလုံးကို လက်ဖြင့်ကိုင်သည်ဖြစ်စေ၊ ဝဇီကိုင်က ပိန္ဒဲသီး ၁၈ လုံးအကွာနေရာမှ ဂိုးပေါက်သို့သွင်းရန် အခွင့်ပေးနိုင်လေသည်။ ဤကား မန်ကျည်းပင်သားတို့ ဥပဒေတည်း။ ပီနယ်လတီကို “ဂိုးနီးကန်” ဟုခေါ်ဆိုက သင့်ပေမည်။ ဤကား ကျွန်တော့်ထင်မြင်ချက်တည်း။ သင့်လျော်ရာကိုကြံဆကြပါကုန်။
လောင်းကစားသောပွဲဖြစ်ရကား ငွေသံတချွင်ချွင်ကြားရ၏။ နေမွန်းတည့်ချိန်ပင် ဖြစ်သော်လည်း ကြည့်ရှုသူတွေ ပမာနမပြုကြ၊ ရွှေလသာ ဝါဝင်းစဉ် ဖျာခင်း၍ထိုင်သလို ထင်မှတ်ကြသလားမသိ။ အချိန်ကျပြီဖြစ်၍ ကုလားတက်ကိုခေါက်ရာ ဘောလုံးကန်သူတွေ ထွက်လာကြ၏။ ပရိတ်သတ်ထဲမှ “ဝါးရင်းတုတ်ကွဲ့နော်”၊ “ဓညင်းကျား”၊ “ခွေးဘီလူး”၊ “ရှားနှစ်”၊ “သံချောင်း”၊ “ပုဏ္ဏက”၊ “ကျော်ဟိုး”၊ “အယ်ဒီပိုလို”၊ “တောက်တဲ့”၊ “ဗန္ဓုလ”၊ “မြွေနဂါး”၊ “ဂဠုန်” စသော ခေါ်သံ အော်သံတို့ကို ကြားသိရမှ ဘောလုံးကန်သမားများ၏ နာမည်ရင်းကိုမခေါ်၊ နာမည်သစ်မှည့်၍ခေါ်ကြောင်း သိရ၍ အလွန်အမင်း ရယ်ချင်၏။
ဝါးကုလားတက် တစ်ချက်ခေါက်သည်တွင် ရွှေဖရုံသီးနှင့်အသွင်တူသော နှစ်ကျပ်ရှစ်ပဲတန် ဘာဘူချုပ် ဘောလုံးသည် ထိုမှ ဤမှလူးလာတုံ့ပြန်၍ နေလေ၏။ ဘောလုံးကန်စဉ် အချို့မှာချွေးများထွက်သဖြင့် မိမိတို့ကိုယ်တွင် သုတ်ထားသောထုံးများသည် ပျက်လေရကား ခဏခဏ အပြင်ထွက်၍ ထုံးသုတ်ရပြန်လေ၏။ မကြာမကြာလည်း ဘောလုံးနှင့် လူနှစ်ယောက်သုံးယောက် ရိုးထဲသို့ကျလေဘိ၏။ ဤအခါတွင် ရယ်သံကြီးကိုကြားလိုက်ရ၏။ မကြာမီ “တောက်တဲ့” သည် “မြွေနဂါး” ယူလာသော ဘောလုံးကို ပြေး၍ဖျက်ရာ ပျက်လေသဖြင့် ပရိသတ်ထဲမှ “တောက်တဲ့ကွဲ့နော်” ဟူသောချီးမွမ်းသံသည် ဟိန်းသွားလေ၏။ မကြာခဏလည်း ကျွန်တော့်အား လက်ညှိုးထိုးကာ “ဆရာကြီးနဲ့မြင်းကျား၊ မတရားတော့မလုပ်ပါနဲ့။ ကာမေသု မုတ်စား ဆာလားကံ ထိုက်ပါ့မယ်” ဟု အော်သူတွေကမရှား။ “သံခရာဘေးကိုကြောက်ပါနော်”ဟု ဟစ်သူတွေက အဖုံဖုံ။ အလုံးစုံ တစ်ခဲနက်သော အသံဆိုးကြီးတို့သည် အထက်မိုးသို့ပျံ့နှံ့၍ သွားလေတော့၏။
ထိုအတွင်းဝယ် “မြွေနဂါး” ဘောလုံးယူလာရာ “ပေါက်ဆိန်ပေါက်”သည် ရုတ်တရက်ပြေး၍ ညှို့သကျည်းကိုကန်သဖြင့် “မြွေနဂါး” လဲလေ၏။ ပရိသတ်ထဲမှ “ရမ်းကား” ဟူသောအသံကြီးကို ကြားလိုက်ရကာ “ရမ်းကား”ကို မြွေနဂါးဘက်သို့ပေးလိုက်ရန် ကုလားတက်ခေါက်မှ အသံတိတ်တော့၏။ ကြည့်သူတွေထဲမှ “ဟေ့ ရှားနှစ်၊ ပုဏ္ဏက။ ဘာလုပ်နေသလဲ၊ ချပါတော့လား။ ဆော်လေ။ တို့ဆီမှာ ဓါးမြှောင်ပါတယ်။ မကြောက်နဲ့၊ ဘာခံနေသလဲ” စသည်ဖြင့်အော်စပြုလာလေ၏။ ဘောလုံးကစားသူတို့မှာလည်း တဖြေးဖြေးကြမ်းစပြုလာလေ၏။ ကုလားတက်ကို ခဏခဏခေါက်ရလွန်း၍ တုတ်မှာကျိုးလုမတတ်ဖြစ်ခဲ့၏။ “ပေါက်ဆိန်ပေါက်”၊ “ကျော်ဟိုး”၊ “ခွေးဘီလူး” တို့သည် အထူးကြမ်းတမ်းကြလေပြီ။ “ဝါးရင်းတုတ်” နှင့် “ဂဠုန်”တို့သည်လည်း ဘယ်သူ့ကိုမှ လူမထင်တော့ချေ။ ထိုစဉ်ပင် ကုလားတက်ခေါက်ရန်တုတ်မှာ ကျိုးသွားလေပြီဖြစ်၍ ကျန်တစ်ပိုင်းနှင့်သာ အနိုင်နိုင် ခေါက်နေရချေသည်။ ထိုခဏ၌ပင်လျှင် “ခွေးဘီလူး” ဘောလုံးယူသွားသည်မှာ အခြားဘက် ဂိုးပေါက်သို့ ရောက်လုနီး၏။ သွင်းမည်အပြုတွင် “အယ်ဒီပိုလို” ပြေး၍လက်သီးဖြင့်ထိုးရာ “ခွေးဘီလူး” နှာခေါင်းသွေးထွက်လေ၏။ ပရိသတ်ထဲမှ “ပိန္ဒဲသီး” ဟူသော တစ်ခဲနက်သော အသံကြီးကိုကြားလိုက်ရ၏။ ထိုစဉ်အခါ ကျွန်တော့်ထံ၌ တုတ်မရှိတော့။ ဘယ်မှာချထားသည်မသိရ။ ကုလားတက်လည်း မခေါက်နိုင်တော့ချေ။ “ဝဇီကိုင်မတရားဘူး”ဟု ကြိမ်းမောင်းသံကြီးကို ကြားရဘိ၏။ ခက်ချေပြီ။ မည်သို့ကြံရအံ့နည်းဟု အောက်မေ့မိ၏။
တစ်ပြိုင်နက်ပင်လျှင် ထိုနှစ်ဖက်သောလူစုတို့သည် တုတ်ကိုင်သူကိုင်၊ လက်သီးဆုပ်သူဆုပ်၍ ရိုက်နှက်ထိုးကြိတ်ကာ ရန်ပွဲကြီးစလေ၏။ ပရိသတ်ထဲမှအများဝင်ရောက်ရိုက်နှက်ကြလေ၏။ “မြွေနဂါး”မှာ ထိပ်ပြဲသွားလေ၏။ “ဓညင်းကျား” မှာနှာခေါင်းသွေးထွက်ဘိ၏။ “အယ်ဒီပိုလို”ကား အတွင်သာထိုးနေတော့၏။ “တောက်တဲ့”မှာ သွားတစ်ချောင်းကျွတ်သွား၏။ ထိုအခြင်းအရာကို မြင်ရသော ကျွန်တော်သည် အခက်အခဲကြုံရပြီဖြစ်၍ အလျင်အမြန်ဘောလုံးကွင်းမှ ထွက်ခဲ့ပြီးသော် ကွတ်နီအဿထိုရ်ပေါ်သို့ လွှားကာ တက်လေ၏။ လျင်မြန်ခြင်းဖြင့် အတွင်သားနှင်ရာ နေအိမ်သို့ ညနေတွင်ရောက်လေ၏။ သို့မှ စိတ်အေးသွားတော့သည်။ အပူလုံးကြီး ကျသွားပြီတကား။ ။
ကုသ (ဂန္တလောက၊၁၉၃၁)
၂၀ရာစု မြန်မာဝတ္တုတို ၁၀၀၊ စာရေးဆရာ ၁၀၀
သီဟရတနာ
မေ၊ ၂၀၀၅