နောက်ဆုံးအခန်းတဲ့လား
ဇာတ်လမ်းကိုတောင် ဘာမှန်းမသိလိုက်ဘူး
ဆူးကြားက အပင်ဆိုတော့လည်း
မဝံ့မရဲနဲ့ပေါ့
အခုတော့
ရထားမမီ၊ ကားမမီနဲ့
အိပ်မက်တွေရဲ့ အဝေးကြီးမှာ
ငါ ကျန်ရစ်ခဲ့တယ် . . .
ဆက်သွားရမှာလား
စောင့်စားရမှာလား
ဝေဝါးနေတဲ့ မျှော်လင့်ချက်တွေဟာ
ပုပ်သိုးတော့မယ့် မနက်ဖြန်ကို
သက်ပြင်းအိုတွေနဲ့ ကြိုဆိုရင်း
ပျင်းပျင်းရိရိ ရှင်သန်နေရတယ် . . .
ဖြစ်ချင်တာတွေက
ဖြစ်ရင်လည်း ဖြစ်လာမယ်
မဖြစ်ရင်လည်း မဖြစ်ဘူး
(စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော် . . .
စသည်ဖြင့် )
ဖြစ်ချင်တာတွေကြား
ဗျာများနေရင်းနဲ့
အသက်တောင် တော်တော်ကြီးသွားခဲ့ပြီ
ပန်းတိုင်ပျောက်တဲ့ သူလို
ရောက်တတ်ရာရာ လျှောက်ရင်း
နောက်ကျခြင်းတွေသာ
ငါ ပွေ့ပိုက်ခဲ့ရတယ် . . . ။ ။
စည်သူ (ဘန်းယဉ်)
http://yatimagazine.com/yatimmm/archives/4483