ဘာရနံ့မှ မရဘူး
အိမ်ရှေ့က ခရေပင်လေးမှာ
အဖူးမရှိတော့ဘူး ထင်ရဲ့
မှန်ရှေ့မှာ ခြေတစ်လှမ်းဆုတ်မိသလို
အရိပ်ကလေးနဲ့ နှစ်လမ်းဝေးသွားတဲ့အကြောင်း
တွေးရင်ကောင်းမလား.....
စိတ်ပျက်နေတဲ့ ယာဉ်တစ်စီးပေါ်က
စက်ပျက်နေတဲ့ လူတစ်ယောက်ဟာ
ငါများလား.....
ဂီယာမသွင်းပဲ
လီဗာနင်းထွက်ခဲ့သလိုများ
ဖြစ်နေပြီလား......
စိတ်အိုက်လို့မီးငြှိမ်းလိုက်တယ်
အပူငွေ့က မငြိမ်းဘူး
အလင်းရောင်လေးသာ ပျောက်ခဲ့ရ
စစ်ခနဲ အကိုက်မှာ
ဖျတ်ခနဲ ရိုက်လိုက်မိ
မတော်တဆဖြစ်ရပ်မှာ
ခြင်တစ်ကောင် အသက်စွန့်သွားရရှာ
တော်ပြီ.....
ဖမ်းမိသလောက်စိတ်ကူးနဲ့ပဲ
ခင်းကျင်းတော့မယ်
စိတ်ကြိုက်ဝယ်ခဲ့တဲ့
ဘောလ်ပင်လေးက
မင်မလိုက်တော့ဘူး။ ။
(ကြည်လင်သောရေတံခွန် – ကိုရွေး။ မတ် – ၂၀၁၁။ Unity)