Friday, February 25, 2011

၂၀၁၁ ရဲ့ ဗယ်လင်တိုင်း

၁၃ ဖေဖော်ဝါရီ ၂၀၁၁ ရက်နေ့ မနက် ရထားနဲ့ ပါရီသွားဖြစ်ခဲ့တယ်......

တညနေလုံး မြို့ထဲမှာလျှောက်လည်ကြပြီး စားကြသောက်ကြ ပိုက်ဆံရှင်းရတိုင်းမှာ သူသာ

ပိုက်ဆံထုတ်သူဖြစ်လေတော့ ကိုယ့်ပိုက်ဆံအိတ်ကိုယောင်လို့တောင်သတိမရ..........

၁၄.၂.၂၀၁၁ မူလအစီအစဉ်အတိုင်း ဗာဆိုင်းနန်းတော်သွားလည်ကြမယ် ဆိုပြီးအထွက်

လမ်းတဝက်ရောက်တော့ ဟိုတယ်မှာ လွယ်တဲ့အိတ်ဖွင့်စစ်တာ

ပိုက်ဆံအိတ်မတွေ့တာ ဖြတ်ခနဲသတိရလိုက်မိတော့ သူ့ကို ခုန ကိုယ့်ပိုက်ဆံအိတ်

အိတ်ထဲမှာမတွေ့မိသလိုပဲပြောပြီး ဖွင့်ကြည့်တော့ တကယ်မရှိပါဘူး

ဒါနဲ့ ဟိုတယ်မှာပဲ ကျန်ခဲ့နိုးနိုး ဆိုပြီး ဟိုတယ်တခေါက်ပြန် ရှာကြတော့လည်း မတွေ့

ရှိရှိသမျှသော ကဒ်ပေါင်းစုံနဲ့ ချမ်းသာသမျှသော ပိုက်ဆံက ပါသွားလေပြီမို့

ဘဏ်ထဲရှိတာလေးတွေ ထပ်မပါရအောင် ဘဏ်ကဒ် လှမ်းပိတ်....

ဘဏ် ကိုဖုန်းလှမ်းခေါ်တာလည်းအဆင်မပြေတော့

သူငယ်ချင်းကို အရင်လှမ်းခေါ်ပြီး အကူအညီတောင်း

သူ့ကို ဘဏ်သွားပြီး ပိတ်ခိုင်းတာလည်း သူက ကဒ်ပိုင်ရှင်မဟုတ်လေတော့

ဟိုကမေးခွန်းတွေမေးတာ သူကပြန်မဖြေနိုင်........

သူ့ဆီကိုယ်ကဆက်လိုက်.... သူက ကိုယ့်ဆီပြန်ဆက်လိုက်.... ဘဏ်ကိုဆက်လိုက်နဲ့

တမနက်ကို ကုန်ပါရော.......

ဘဏ်ကိစ္စ ပြီးပြန်လေတော့ ရဲစခန်းကိုသွားပြီး ပိုက်ဆံအိတ်ပျောက်ကြောင်း

သတင်းပို့ ဖို့ရာ ....ရဲစခန်း လိုက်ရှာတာက ကို ၁ နာရီလောက်ကြာတယ်.။

ပြီးတော့ စခန်းမှာ သတင်းပို့ လိုတဲ့ ပုံစံတွေဖြည့်......

ID လည်းပါသွားတာမို့  ရဲစခန်းက သံရုံး ကို သွားဖို့ အကြံပေးပါတယ်....

နေ့လည်လည်း ၂ နာရီ ထိုးနေပြီဆိုတော့ ၂ ယောက်လုံးလည်းမောနေပြီ...သူက မသွားခင်

ဖုန်းအရင်ဆက်ဖို့အကြံပေးတော့ ဖုန်းဆက်ကြည့်လိုက်တော့ .......

သံရုံးက ကိုယ်နေတဲ့မြို့ရောက်မှ ပြန်လုပ် လာစရာမလိုဘူး... ဆိုလို့ တော်သေးတယ်

စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘယ် ဗာဆိုင်းမှလည်း မသွားဖြစ်တော့

သူကတော့ အားပေးရှာပါတယ်

“သူများတွေ ပါရီသွားတာ အီဖယ်လ်မျှော်စင် ရောက်လား ဆို....

ရောက်တယ်ပြောမှာပဲတဲ့....... Louvre Museum, Notre Dame, Basillica Church,

Arc de Triumph, Versille.....”ဘယ်နေရာမေးမေး

ရောက်လားဆို ရောက်တယ် ပြောကြမှာ ချည်းပဲ တဲ့”

နောက်ခါဆို “ပါရီမှာ ရဲစခန်းရောက်ဖူးလား” လို့မေးကြည့် တဲ့

မရောက်ဘူး” ဘူးလို့ဖြေကြမှာတဲ့

ကိုယ်တို့မို့လို့ သာ ပါရီမှာရဲစခန်းရောက်ဖူးတာ ဆိုပဲ...... နောက်ပြီး ဒီပြင်နေ့မဟုတ်ဘူး ........

ဗယ်လင်တိုင်းဒေး အမှတ်တရ တဲ့.........

ကိုယ်က ဆရာမကြီးလုပ်ပြီး မသွားခင် သူ့ကို ပါရီရောက်ရင် ပိုက်ဆံအိတ် သတိထားနော်

ခါးပိုက်နှိုက်ပေါတယ်...လို့ မှတ်မှတ်ရရ သတိပေးပြီး

တကယ် ပိုက်ဆံအိတ်အနှိုက်ခံလိုက်ရသူဟာ ကိုယ် ကိုယ်တိုင်ပါတဲ့ (ရီရပုံများ)

ကိုယ်ကတော့ ရှက်ရှက်နဲ့ ကိုယ်အရင်ဘဝက အလစ်သုတ်ဖူးတာတွေပေါ်တာပဲလို့

စပါးရောဖွဲရော လုပ်လိုက်ရတယ်။


Saturday, February 5, 2011

♥ချစ်မိတဲ့အခါ♥.

♥...♥*´`*•.¸♥...♥ ♥...♥¸.•*´`*♥...♥ချစ်မိတဲ့အခါ♥...♥*´`*•.¸♥...♥ ♥...♥¸.•*´`*♥...♥

ဝေးများဝေးမလား

တွေးပြီးပူရ

ဘဝအကြောင်း

ထပ်ပြောင်းစဉ်းစား

ဘာမှန်းမသိ

အလိုလိုစိတ်စော

မောလည်းမောတယ်


ဘာကိုမသိ

ဝမ်းနည်းမိပြန်

ကြောက်နေဟန်နဲ့

ဘာမှမရှိလည်း

မျှော်လင့်ဆဲကွယ်


ဘယ်သူမရှိ
စောင့်နေမိတယ်

တယောက်ထဲလည်း

စောင့်ရင်းငိုမိ

ဘာကြောင့်လည်း

မသိ.......


အမေ့အိမ်နဲ့အဝေးမှာ

ရေမြေခြားလို့ တနယ်တကျေး အမေ့အိမ်နဲ့အဝေးကိုရောက်နေတော့


ကိုယ့်ကိစ္စမှန်သမျှကိုယ်လုပ် ကိုယ့်အားကိုယ်ကိုး နေရလို့


ငါလုပ်နိုင်သားပဲ ငါတတ်နိုင်သားပဲဆိုပြီး


ငါတလုံးနဲ့ စိတ်ကြီးဝင်မိတာတမျိုး.....


အိပ်ချင်ရင် အိပ် ထချင်မှထ စားချင်ရင်စားမစားရင်နေ


ကိုယ့်သဘောကိုယ်ဆောင် အော်သူမရှိ ငေါက်သူမပါ


နေ့စဉ်ဘဝ ကိုယ့်မင်းကိုယ်ချင်း လွတ်လပ်ခြင်းအရသာခံစား


ပျော်နေမိပေမယ့် အရာရာ မပြည့်စုံတာအမှန်ပါ............


ဘာဖြစ်ဖြစ်တွေ့ရာအကုန်စား သိပ်ချေးမများတတ်တဲ့ သူက


အချိန်မရတာရယ် ပျင်းတာရယ်ပေါင်းလို့.. ဒီမှာ ထမင်းတအိုး ဟင်းတအိုးချက်


ရေခဲသေတ္တာထဲပစ်ထား စားခါနီးမှနွေးပြီး


စားချင်ချင် မစားချင်ချင်


မကုန်မချင်း စားနေရတဲ့အခါ.....................


အမေ့အိမ်မှာနေစဉ်က


မနက်ကချက်တဲ့ဟင်း ညနေပြန်စားရရင် ရင်ထဲကသိပ်မကြည်ချင်


မေ့ ဒီဟင်းပဲလား.....လို့ မေးပြီး မျက်နှာညိုတတ်တာကြောင့်


ညနေဟင်းအသစ်ထပ်မချက်ဖြစ်တဲ့နေ့ဆို


အသုပ်ဖြစ်ဖြစ် အရွက်ကြော်ဖြစ်ဖြစ်အရံလုပ်ပေးထားတတ်တဲ့


အမေ့ထမင်းဝိုင်းကိုလွမ်းတယ် ။


အခုလို ရာသီဥတုဆိုးတဲ့အချိန် ဖျားချင်သလိုလိုဖြစ်.....


အာသီးယောင် လည်ချောင်းတွေနာနေပေမယ့်


ပျင်းပေကပ်ပြီး ဆေးခန်းလည်းမသွားချင်


အိမ်ကထည့်ပေးလိုက်တဲ့ ဆေးတသေတ္တာ လေဘယ်လ်တွေ အပြည့်နဲ့ရှိနေလည်း


ဘာဆေးသောက်ရမှန်းမသိ


ဆေးဆိုတာ ကိုယ့်ဘာသာသောက်ရတဲ့အရာလို့ကိုမထင်မိ


ဆေးမသောက်ဖြစ် လို့ ဖျားသင့်တဲ့အချိန်ထက် အဖျားတာရှည်တဲ့အခါ ..............


ရာသီပြောင်းပြီဆိုတာနဲ့ အမတွေက အရိပ်တကြည့်ကြည့်


အချိန်တန်ရင်သောက်ရမယ့်ဆေးအဖုံဖုံအပြင်.....


ခံတွင်းရှင်းအောင် ကျင်းရမယ့် ဆားရေကို ကိုယ်သုံးရမယ့်အချိန် မပူမအေးအမြဲနွေးနေအောင်


အဆင်သင့်ရှိနေစေတတ်တာ သတိရတယ်


တခါတလေတော့လည်း


အော်သံငေါက်သံ ဆူဆူညံနဲ့


ထမင်းဝိုင်းလက်တင်စား


အမေ့သမီး အငယ်စားလေးဘဝကို လွမ်းတယ်.....................


Thursday, February 3, 2011

နားလည်မှု

အများသူတကာလို

စကားအပိုတွေ

ကြွားဆိုစရာ

မလိုပါဘူးကွယ်

တို့နှစ်ယောက်ကြား

ဘာသာနားလည်

ကာရန်မဲ့နေလည်း

အလှဆုံးဖြစ်မယ့်

တေးချိုချိုတွေ

တဘဝလုံး

ဆိုကြစို့.......

ဘာရယ်မဟုတ်

ဘဝတဏှာမပြတ်သေးတော့ တခါတလေတော့လည်း
ဘဝဆိုတာနေပျော်စရာပဲထင်မိနေပြန်တယ်

သိန်းဖေမြင့်နဲ့မြသန်းတင့် ရေးတဲ့ နွံထဲကကြာ
ကို e book တွေ့လိုက်လို့ပြန်ဖတ်ဖြစ်တယ်
ငယ်ငယ်ကဖတ်ဖူးပြီးသား
ဘာရယ်လို့မမှတ်မိတော့ဘူး
ဖတ်ဖူးတယ်ဆိုတာပဲမှတ်မိတာ
အခုပြန်ဖတ်လိုက်တော့ မှတ်မိသွားပြီထင်တာပဲ

စာတွေတွေ့ရင် ဖတ်ဖို့သာ အားသန်ပြီး
မမှတ်နိုင်တော့ဘူး
ဦးနှောက်မှတ်ဥာဏ်တွေနည်းလာတာတော့ ငြင်းမရတဲ့တကယ်လက်တွေ့ပဲ

အခုရက်ပိုင်း
အပျင်းကြီးပျင်းနေတာတော့ဆိုးတယ်ကွယ်
ဘာဆိုဘာမှမလုပ်ချင်
မလုပ်ဖြစ်