Saturday, February 5, 2011

အမေ့အိမ်နဲ့အဝေးမှာ

ရေမြေခြားလို့ တနယ်တကျေး အမေ့အိမ်နဲ့အဝေးကိုရောက်နေတော့


ကိုယ့်ကိစ္စမှန်သမျှကိုယ်လုပ် ကိုယ့်အားကိုယ်ကိုး နေရလို့


ငါလုပ်နိုင်သားပဲ ငါတတ်နိုင်သားပဲဆိုပြီး


ငါတလုံးနဲ့ စိတ်ကြီးဝင်မိတာတမျိုး.....


အိပ်ချင်ရင် အိပ် ထချင်မှထ စားချင်ရင်စားမစားရင်နေ


ကိုယ့်သဘောကိုယ်ဆောင် အော်သူမရှိ ငေါက်သူမပါ


နေ့စဉ်ဘဝ ကိုယ့်မင်းကိုယ်ချင်း လွတ်လပ်ခြင်းအရသာခံစား


ပျော်နေမိပေမယ့် အရာရာ မပြည့်စုံတာအမှန်ပါ............


ဘာဖြစ်ဖြစ်တွေ့ရာအကုန်စား သိပ်ချေးမများတတ်တဲ့ သူက


အချိန်မရတာရယ် ပျင်းတာရယ်ပေါင်းလို့.. ဒီမှာ ထမင်းတအိုး ဟင်းတအိုးချက်


ရေခဲသေတ္တာထဲပစ်ထား စားခါနီးမှနွေးပြီး


စားချင်ချင် မစားချင်ချင်


မကုန်မချင်း စားနေရတဲ့အခါ.....................


အမေ့အိမ်မှာနေစဉ်က


မနက်ကချက်တဲ့ဟင်း ညနေပြန်စားရရင် ရင်ထဲကသိပ်မကြည်ချင်


မေ့ ဒီဟင်းပဲလား.....လို့ မေးပြီး မျက်နှာညိုတတ်တာကြောင့်


ညနေဟင်းအသစ်ထပ်မချက်ဖြစ်တဲ့နေ့ဆို


အသုပ်ဖြစ်ဖြစ် အရွက်ကြော်ဖြစ်ဖြစ်အရံလုပ်ပေးထားတတ်တဲ့


အမေ့ထမင်းဝိုင်းကိုလွမ်းတယ် ။


အခုလို ရာသီဥတုဆိုးတဲ့အချိန် ဖျားချင်သလိုလိုဖြစ်.....


အာသီးယောင် လည်ချောင်းတွေနာနေပေမယ့်


ပျင်းပေကပ်ပြီး ဆေးခန်းလည်းမသွားချင်


အိမ်ကထည့်ပေးလိုက်တဲ့ ဆေးတသေတ္တာ လေဘယ်လ်တွေ အပြည့်နဲ့ရှိနေလည်း


ဘာဆေးသောက်ရမှန်းမသိ


ဆေးဆိုတာ ကိုယ့်ဘာသာသောက်ရတဲ့အရာလို့ကိုမထင်မိ


ဆေးမသောက်ဖြစ် လို့ ဖျားသင့်တဲ့အချိန်ထက် အဖျားတာရှည်တဲ့အခါ ..............


ရာသီပြောင်းပြီဆိုတာနဲ့ အမတွေက အရိပ်တကြည့်ကြည့်


အချိန်တန်ရင်သောက်ရမယ့်ဆေးအဖုံဖုံအပြင်.....


ခံတွင်းရှင်းအောင် ကျင်းရမယ့် ဆားရေကို ကိုယ်သုံးရမယ့်အချိန် မပူမအေးအမြဲနွေးနေအောင်


အဆင်သင့်ရှိနေစေတတ်တာ သတိရတယ်


တခါတလေတော့လည်း


အော်သံငေါက်သံ ဆူဆူညံနဲ့


ထမင်းဝိုင်းလက်တင်စား


အမေ့သမီး အငယ်စားလေးဘဝကို လွမ်းတယ်.....................


No comments:

Post a Comment