Friday, May 29, 2009

South Africa 2

၁၈-၅-၂၀၀၉..
မနက် ၆ နာရီထ အဆင်သင့်လုပ်ပြီး ထိုင်စောင့်ပါတယ်..တံခါးဖွင့် အပြင်ထွက်နေမယ်လုပ်တော့ တံခါးကလုံးဝဖွင့်မရပါ...အမျိုးမျိုးကြိုးစားပေမယ့် ဘယ်လိုမှ မရတာကြောင့် စိတ်ပျက်လက်ပျက်ထိုင်နေတုန်း သူများအသံတွေကြားတာနဲ့ ပြတင်းပေါက်လေးဖွင့် လှမ်းခေါ်ပြီး ငါတံခါးဖွင့်မရလို့ဆိုတော့ သူကသော့ပေး အပြင်ကဖွင့်ပေးမယ်တဲ့...Caro ဆိုတဲ့ Stellenbosh Uni က Hon: တန်းတက်နေတဲ့ကောင်မလေးပါ...
သွက်သွက်လက်ပြင်ပြင်ဆင်ဆင် ..ခင်ချင်စရာကောင်းသူလေးပါ (တံခါးဖွင့်မရတဲ့ ၃ကြိမ်မှာ ၂ ကြိမ် သူကချည်းအပြင်ခေါ်ထုတ်ပေးတာကိုး)

၇ နာရီမထိုးခင် ၁၀မိနစ် ကိုရစ်ချက် ရောက်ပါတယ်.... ဟိုတယ် ရောက်တော့မနက်စာစား ..English Breakfast တကယ့် ဟဲဗီးပါ.. (အမှန်တော့ သက်သာအောင် တည်းခိုခန်းငှားတာ..မနက်စာမပါပါဘူး..
သို့သော်လည်းကံကောင်းချင်တော့ နေ့တိုင်းဟိုတယ်မှာ မနက်စာ အလကားစားရပါတယ်...ခရီးစဉ်တခုလုံး အသွားတုန်းက လေယာဉ်ပြောင်းဖို့ ၆နာရီ စောင့်နေတုန်း ဝယ်စားတာပဲ အစားအသောက်အတွက် ပိုက်ဆံကုန်ပါတယ်။ အဲဒါနဲ့ ပါတ်သတ်လို့ တော်တော်စိတ်ဆိုးပါတယ် :D)

ပြီးတော့ ၈နာရီဖွင့်ပွဲ ... ဆရာသမားက ကိုယ်ဝင်လာတာမြင်တော့ လှမ်းခေါ်ပါတယ်။ သူတို့ နားမှာ ခုံရှိတယ် လာထိုင်မလား နင့် သူငယ်ချင်းတွေနဲ့ပဲထိုင်မှာလားတဲ့ ။ ဟုတ်ကဲ့ လိုက်ထိုင်ပါမယ်ပြောပြီးလိုက်သွားရတယ် ။ ဂျာမနီက Prof. Sikora က Opening Speech ပြောပါတယ်။

သူပြီးတော့ ကိုယ်တို့ Lab က တယောက် စာတမ်းစဖတ်ပါတယ်။ ၅ ယောက်ဖတ်ပြီးတော့ မနက်ပိုင်း session ပြီး coffee break ။ အဲဒီ့အချိန်မှ organizer ဆီသွားပြီး Program schedule, Proceeding book, symposium bag တွေထုတ်ရပါတယ်။ အဲတော့မှ ကိုယ်ဘယ်အချိန်စာတမ်းဖတ်ရမလဲသိရပါတယ်....နောက်ဆုံးနေ့ ၂၀-၅-၀၉ မှပါ..Session 11, မနက် ၉ နာရီပါ..အဝေးကြီး..နောက်ဆုံးနေ့မှ ..အေးအေးဆေးဆေး ဆိုပြီးစိတ်ပေါ့သွားပါတယ်...

symposium bag ထဲမှာပါတာလေးတွေ...

တနေကုန် ခန်းမထဲထိုင်ပြီး သူများတွေစာတမ်းဖတ်တာနားထောင် ခေါင်းထဲက မရောက်တချက် မဝင်တဝက်....
ကိုယ်စိတ်ဝင်စားတာက ညနေမှ ... Program schedule ထဲမှာ ဒီလိုဆိုထားပါတယ် “16:00 - Sunset Drive in Kruger National Park”တဲ့
တကယ်တော့ ညနေ ၅နာရီလောက်မှ ဟိုတယ်က စထွက်ဖြစ်ပါတယ်... ၄၅ မိနစ်မောင်းရတယ် ...ဟိုရောက်တော့ ကိုယ်ရတဲ့ symposium bag က သော့ချိတ်ပုံ အကောင်လေးတွေအတိုင်း ကား ၅ စီးခွဲစီးကြပါတယ် ... ကိုယ်နဲ့ Lab ကတယောက်က buffalo အတူတူ ဆိုတော့ တကားထဲ ... Prof. က crocodile မို့ သတ်သတ်တကား....
(မနက်က ဘယ်သူ ဘယ်ကားလဲ ..တူမတူသိအောင် လိုက်ကြည့် ရင်း ဆရာသမား အိတ်က သော့ချိတ်ကို ကြည့်ပြီး ကိုယ်က ပြောလိုက်တာ..ဟင် နင် lizard က ကြီးလို့..အမှန်တော့ အဲဒါ crocodile ပါတဲ့ ။ ကိုယ်က အဲလို ပြောတော့ South African တွေက ရယ်ကြတယ်...lizard မှန်း crocodile မှန်း မကွဲလို့တဲ့လေ.... အနိုင်ပိုင်းပြီး ပြန်မပြောခဲ့ရဘူး နင်တို့ဆီက မိကျောင်းက ငါတို့ဆီက အိမ်မြှောင်သာသာ ပဲရှိတယ်လို့ :D)

ကားပေါ်မှာနေရာယူပြီးကြတော့ ကားသမားက တက်လာပြီး အစီအစဉ်တွေ ..ဆောင်ရန် ရှောင်ရန်တွေ ပြောပြပါတယ်.. ပြီးတော့ပြောပါသေးတယ် သူဘာကိုမှ အာမ မခံပါဘူးတဲ့ ... သူ့ခရီးစဉ်အတိုင်းမောင်းမှာဖြစ်လို့ လမ်းမှာ ဘာကောင်တွေ့မယ် မတွေ့ဘူးဆိုတာ သူဘာမှ အာမ မခံပါတဲ့ ။ သူကတော့ အကောင်းဆုံးဖြစ်အောင် ကျိုးစားမှာပါတဲ့ .. အပြန်မှ သူ့ကို အပြစ်မတင်ဖို့ အကြောင်းကြိုတင် သတင်းစာ ရှင်းလင်းသွားတာပါ... (သူလည်းဘယ်နှခါ အပြောခံထိပြီးပြီလဲမသိ)
တော်တော်လည်းအပြောကောင်းတဲ့လူပါ..ပြုံးပြုံးနဲ့... အောက်မှာ ရှုပါ...



ဒီလိုနဲ့ပဲ ကားကြီးလည်းမောင်းထွက်ပြီးပေါ့ကွယ်....စစချင်း ဘယ်သူ့မှလူမထင် ဂရုမစိုက်ပဲ ငါတို့လမ်းကူးလိုက်ဦးမယ် ..မင်းတို့ကား ခဏနေဦးဆိုတဲ့ ဆင်အုပ်နဲ့တွေ့ပါတယ်။
စစချင်း ဆင်အုပ်နဲ့ ဈေးဦးဖောက်တဲ့အတွက် တာထွက်ကောင်းတယ်ဆိုရပါမယ်



ပြီးတော့ အောက်က အကောင်ပလောင်တွေ ထပ်တွေ့ပါတယ်..........







သေချာမြင်အောင်ကြည့်နော်...သစ်ပင်တွေအနားမှာ သစ်ကုလားအုပ်ကြီး ရှိတယ်....
ဒါ့အပြင် ရေထဲကနေ မျက်စိလေးပဲပြူးပြနေတဲ့ hippo... ချုံပုတ်ထဲက ချိုကားကားကြီးတွေပဲလှမ်းမြင်ရတဲ့ buffalo...သစ်ပင်ပေါ်က မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ဇီးကွက် စတာတွေလည်းတွေ့ခဲ့ပါသေးတယ်.........
ကျန်တဲ့ အဖွဲ့တွေကတော့ အပေါ်က အကောင်တွေအပြင် lion , leopard
ဆိုတာတွေကိုလည်းတွေ့ခဲ့ပါသေးတယ်တဲ့...............
ဒါကြောင့် ကားသမားက ကြိုပြောထားတာနေမှာ...သူ့ကိုအပြစ်မတင်ဖို့အကြောင်း

တော်တော်မှောင်လာတော့ (၉နာရီလောက်ရှိပါပြီ).... ပြန်ထွက်ခဲ့ကြပါတယ်....
လမ်းမှာလေတွေက တိုက်လိုက်တာလွန်ရော..... အေးလိုက်တာ... စုရပ်ရောက်တော့ ကိုယ်တို့ကား က အရင်ဆုံး...အားလုံး အပြေးဆင်းပြီး...ရည်ရွယ်ရာ တခုထဲဆီ ချီတက်ကြပါတယ်...
လေတိုက်တာရော...အေးတာရော...သောက်ထားတဲ့ အရည်တွေကရော စုပေါင်းပြီးတိုက်စစ်ဆင်နေကြတာကိုး
သိပ်မကြာပါဘူး...ကားတွေအကုန်လုံးရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာပါတယ်...
လူစုံတော့ ဟိုတယ်ပြန်မောင်း...အပြန်၄၅မိနစ်ခရီး တော့ ကားပေါ်မှာအိပ်ပျော်တချက် မပျော်တချက်ပါ....
ဟိုတယ်ရောက်တော့ ညစာအသင့်...ပူပူလေးစားသောက်ပြီး ၁၁ နာရီထိုးတော့ အဆောင်ပြန်လာကြပါတယ်...
ပင်ပန်းလိုက်တာ...ဒါပေမယ့် ပျော်တယ်....

ဒါနဲ့ စကားမစပ် အခု လုပ်တဲ့ အဆောက်အဦက ဒီ symposium အမှီ အသစ်ဆောက်ပေးတာပါတဲ့ ....နောက်ဆုံးနေ့မှ President ကပြောပြလို့ သိရတယ် ... ဟုတ်တယ်၊ ဘေးဘက်က အကာတွေတောင်မပြီးသေးတော့ တာလပတ်အထူတွေကာထားတာ... ဘာမှမသိခင်ကတည်းက ဖွင့်တဲ့နေ့တွေ့တော့ သူလည်း ဖေဖော်ဝါရီ ၁၃ ၂၀၀၉...... ငွေနှင်းညီနဲ့ တနေ့တည်းမွေးတာမို့
တခုတ်တရ ဓါတ်ပုံရိုက်လာတယ်...

No comments:

Post a Comment