မြန်မာနိုင်ငံအတွင်းဖြစ်ပျက်ပေါင်းစုံကို အွန်လိုင်းကနေမြင်ပြီး ဒီရက်အတောအတွင်း မျက်ရည်အကြိမ်ကြိမ်ကျမိတယ်...အပြင်ပန်းကမျက်ရည်ကျတယ်ဆိုတာထက် ရင်ထဲမှာပါ ထိထိခိုက်ခိုက်နာကျင်ခံစားရမှုကပိုပါတယ်...
ပထမဓါတ်ပုံ.....
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာထွက်လာတယ်....
လူထုခေါင်းဆောင်က စီမံကိန်းဒေသက ပြည်သူတွေရှိရာအထိသွားပြီး ရှင်းပြတယ်...
တချို့ကလည်း တကယ့်ကိုဘဝအခြေအနေပျက်ရမှာမို့...တချို့ကလည်း ဘေးပယောဂသွေးထိုးလှုံ့ဆော်မှုတွေ..စတဲ့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့်... အစီရင်ခံစာကို လက်မခံနိုင်တဲ့ ဒေသခံအချို့ကဆန္ဒထုတ်ဖော်တဲ့အနေနဲ့
တကမ္ဘာလုံးက လေးစားရတဲ့.. လူထုခေါင်းဆောင်ကိုရှေ့တင်ထားပြီး မကျေနပ်နိုင်ကြောင်း ဆန္ဒဖော်ထုတ်ကြတယ်..... ကိုယ်ကနိုင်ငံရေး...စီးပွါးရေး ဘာပညာရှင်မှ မဟုတ်လေတော့ ကန့်ကွက်တာဖြစ်သင့်တယ်...မဖြစ်သင့်ဘူး မဝေဖန် မစောကြောနိုင်ပါဘူး....
ကိုယ်ပြောချင်တာ အင်တာနက်ပေါ်မှာတွေ့လိုက်မိတဲ့...ကိုယ့်ရင်ထဲကို ထိသွားစေတဲ့ ဓါတ်ပုံလေးတပုံပါ.....
အင်္ကျီအစိမ်းကွက်လေးဝတ်ထားတဲ့ အမျိုးသမီးလေးကဘေးချင်းယှဉ်ရပ်ပြီး သူ့အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ကြွေးကြော်သံတွေတိုင်ပေး.... အော်ဟစ်ဆူပူကန့်ကွက်နေတာကို...
ဘေးနားကလက်ကလေးပိုက်လို့..... ဝမ်းသာ...ဝမ်းနည်း..စိတ်ဆိုး...ပျော်ရွှင် ဘာအမူအရာမှမပြပဲ..အခြေအနေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေတဲ့ ဓါတ်ပုံလေးပါ...
သူမရဲ့ ရင်ထဲမှာတော့ စိတ်မကောင်းဖြစ်နေကောင်းဖြစ်နေမယ်ထင်ပေမယ့် (ကိုယ့်အထင်သာ.....မသေချာပါ) မျက်နှာမှာတော့ ချစ်ခြင်းမုန်းခြင်း ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ အမူအရာတွေမပြပဲ ကတိတည်ငြိမ်နေတဲ့...မျက်နှာထားကိုမြင်လိုက်ရတာ...
ကိုယ့်မှာပြောစရာစကားတွေ..ဆွံ့အသွားတဲ့ အထိကို သူမကိုလေးစားစိတ်တွေပိုမိရသလို...
လူထုခေါင်းဆောင်ကောင်း တယောက်ဆိုတာ သည်လိုမျိုးပါလားလို့ သိလိုက်ရတဲ့ ဓါတ်ပုံလေးပါပဲ...
ကိုယ်သာသူမနေရာမှာဆို. .အနည်းဆုံးတော့.. စေတနာကိုနားမလည်လိုက်လေခြင်းဆိုပြီး ငိုမိမယ်ထင်တယ်...
ဒုတိယဓါတ်ပုံ.... (၁) (၂) (၃)
သည် ဒုတိယပုံတွေကိုတော့ "၂၀-၂၂ မတ်လ ၂၀၁၃ မိတ္တီလာ" လို့ပဲခေါင်းစဉ်တပ်လိုက်ပါရစေ...
လူဆိုတာ အခု တစက္ကန့်ပြီး နောက်တစက္ကန့်မှာဘာဖြစ်မယ်မှန်းကြိုမသိနိုင်ကြတာဆိုတော့ ၂၀၁၃ မတ်လ ၂၀ ရက်မနက်ခင်းအထိတော့ ယုံကြည်ရာအသီးသီး...အသားရောင်အမျိုးမျိုးရှိကြတဲ့ ဈေးရောင်းတဲ့လူ...ဈေးဝယ်တဲ့လူ... ရုံးသွားမယ့် သူတွေ... စာမေးပွဲဖြေနေကြတဲ့ကလေးတွေ. ကျောင်းသားမိဘတွေစတဲ့ မိတ္တီလာမြို့သူ မြို့သားတွေဟာ ပုံမှန်လုပ်ဆောင်စရာကိစ္စတွေနဲ့ လည်ပတ်လှုပ်ရှားနေကြမှာပါ..
စိတ်ကူးယဉ် သဲထိတ်ရင်ဖို ရုပ်ရှင်တွေ၊ ဝတ္တုတွေဆိုရင်တော့ ဒါရိုက်တာတွေ...စာရေးဆရာတွေက မည်သို့ဖြစ်သွားလေသည်မသိ.... ဆိုတဲ့ စာတကြောင်းပဲပြလိုက်မှာ....
တကယ့်အဖြစ်အပျက်မှာတော့ ဘယ်လိုဖြစ်တယ်ဆိုတာကို သိလိုက်ပေမယ့်လည်း.... နှစ်ဘက် အစွန်းရောက်အုပ်စု တွေရဲ့ အရိုင်းဆန်ဆန်ဖြေရှင်းမှုတွေအောက်မှာ.... မြေလတ်မြို့တော်ကြီးဟာ ၂ ရက် ၃ ရက် အတွင်း မီးလောင်ပြာကျ.. အပြစ်မဲ့တဲ့ မိသားစု ပေါင်းများစွာ ....... မိသားစုဝင်တွေ ဖရိုဖရဲ အိုးအိမ် စီးပွါးတွေ ..ဆုံးရှုံး....ပျက်စီး....အဖိုးအဖွားတွေရဲ့ စိတ်ထိခိုက်မျက်ဝန်းတွေ... လူမမယ်လေးတွေရဲ့ကြောက်ရွံ့မျက်ဝန်းတွေ.... မြင်ရတိုင်း။ ရင်ထဲမှာ ထိထိခိုက်ခိုက်ခံစားပြီး..မျက်ရည်ကျမိတယ်...
နိုင်ငံရေးအခြေအနေ တခုကနေတခု အပြောင်းအလဲ မှာ...ဒါတွေဟာ မလွဲမသွေတွေ့ ကြုံရမယ် ဆိုပေမယ့်လည်း.....ဒီလိုအဖြစ်တွေထပ်ပြီးမကြုံပါရစေနဲ့လို့...ဆုတောင်းနေမိတယ်။
အားလုံး အားလုံး မိသားစုများ ပျော်ရွှင်ငြိမ်းချမ်းသောနေ့ရက်များကို အတူတကွဖြတ်သန်းနိုင်ကြပါစေ....
တနိုင်ငံတည်းအတူနေထိုင်ကြတဲ့ ဘာသာမတူ...လူမျိုးတူ...လူမျိုးမတူ ဘာသာတူများအချင်းချင်း တဦးကိုတဦး အပြန်အလှန် လေးစားစွာ ချစ်ချစ်ခင်ခင်နေထိုင်သွားနိုင်ကြပါစေ.....
တူညီမေတ္တာဖြင့်
No comments:
Post a Comment