Sunday, May 10, 2009

စောင့်ခေါ်ပါ့မောင်

စောင့်ခေါ်ပါ့မောင်

ကြည့်စမ်းသည်မှာ
မြက်ပြာတောက ၊ သဲဖြူရွခင်း
အမြင်ဝိုက်ကွေး ၊ လမ်းကလေးလေ။

လမ်းလျှောက်လို့လာ၊ မေ့မှာ နွမ်းယဲ့
ကြောက်အားနွဲ့ပြီး ၊ ငိုမဲ့ချင်တုန်း
အတင်းပြုံးလဲ ၊ ခွေနုံးပါပြီ
ဖော်လဲမှီနိုင် ၊ ဟိုဆီချိုး၍
သည်မှာကွေ့ခဲ့ ၊ ပြေး၍လျှောက်လာ
ခုထိပါကွယ်။

ပုရစ်ပေါ်လို့
ရွက်ရော်ရွှေလိပ် ၊ မြေ၀ယ်အိပ်ပြီ
တိုးတိတ်ငှက်ဖို ၊ သီချင်းဆိုစဉ်
သစ်ပျိုကိုင်းကြား ၊ ငုံ့လျှိုးသွားခဲ့
မြသားမိုးခြေ ၊ ပူသည့်နေအောက်
နွေပွင့်ကိုခူး ၊ နွေလေရူးမှာ
နွေဦးကိုလဲ တွေ့ခဲ့ပါရဲ့။

သစ်ညွန့်ထွက်၍
ရှုပ်ယှက်လမ်းမှာ ၊ မြရွက်ကာဆီး
နွယ်ညှာကိုစမ်း ၊ မမြင်ကမ်းနှင့်
တိမ်ပန်းလျှပ်စစ် ၊ မှောက်မှာ ပြက်တုန်း
လေသက်မုန်တိုင်း ၊ သစ်ကိုင်းကျိုးကျွတ်
ပစ်ခတ်ထက်ချွန် ၊ ငွေမြားတန်တွေ
သည်းထန်မိုးကို တိုးခဲ့တယ်မောင်။

မိုးတိမ်လေးတွဲ့
လေအေးမြောက်ပြန် ၊ နှင်းသွန်ဆို့ပိတ်
ကိုင်းထိပ်သစ်ပင် ၊ ညို့ ညို့ မြင်ရ
ပင်ပေါ်ပန်းပွင့် ၊ ဆောင်းလေသင့်မှာ
ရှုပင့်သက်ဖို ၊ မေ့တကိုယ်လေ
စွတ်စိုချမ်းတုန် ၊ နှင်းမှုန်မှုန်တို့
ဖုံသည်လမ်းမှာ ပန်းခဲ့ပါရှင့်။

လက်ကမ်းပါမောင်
ညင်သာမွေ့မွေ့ ၊ အဖော်တွေ့ကြောင့်
ဆွေ့ဆွေ့ခုန်ပေါက် ၊ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ ၊ တအားပဲဟင်
သဲလမ်းကျဉ်းကျဉ်း ၊ လမ်းလျှောက်ရင်းကို
သီချင်းကြော်ကြော် ၊ အော်ဆိုရအောင်
ချိုမြမျက်ရည် ၊ ပျော်လို့လည်မိ
သည်လမ်းအဆုံး ၊ တုံးမှတ်တိုင်ထိ
ပွေ့ကိုင်ဖေးကာ စောင့်ခေါ်ပါနော် ။ ။

ကြည်အေး
၁၉၄၉ခုနှစ်၊ မေလ ၊ ရှုမ၀ မဂ္ဂဇင်း

http://testmy2.wordpress.com/category/poem/page/2/

No comments:

Post a Comment