(၁)
ပထမအချက်၊ ကျွန်တော် သည် လွန်စွာဆင်းရဲခြင်း။ နောက်တစ်ချက်၊ ကျွန်တော့်အမှုကိုစီရင်ဆုံးဖြတ်မည့် တရားသူကြီးက လွန်စွာလောဘကြီးခြင်း စသည်တို့ကြောင့် ယခုအမှုတွင် ကျွန်တော် ရှုံးရမည်မှာ သေချာသလောက်ဖြစ်နေပါပြီ။ (အရပ်ထဲကလည်း ကျွန်တော်သာ ရှုံးလိမ့်မည်ဟု သေချာပေါက် တွက်ထားကြပါသည်။)
ဤသို့ဖြင့်တရားစီရင်မည့်နေ့သို့ ရောက်လာ၏။ ကျွန်တော်သည် တရားသူကြီးကို ဘယ်သူမှမမြင်အောင် အထုပ်ကြီးတစ်ထုပ်ထောင်ပြလိုက်၏။ ထိုအခါ တရားသူကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့် ကျွန်တော့်ကို ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။
(၁၊က)
အမှုစီရင်သောအခါ ကျွန်တော် အနိုင်ရခဲ့၏။ လူတွေအားလုံးအံ့ဩသွားကြလေသည်။ ဒီတစ်ခါ တရားသူကြီး တရားမျှတတယ်ဟု ပြောဆိုကာပြန်သွားကြ၏။ ရုံးတွင်လူရှင်းသွားသောအခါ တရားသူကြီးက ကျွန်တော့်ထံမှ အထုပ်ကို တောင်း၏။ တကယ်တော့ ထိုအထုပ်ထဲတွင် ကျောက်တုံးကြီးတစ်တုံးသာ ရှိပါသည်။ တရားသူကြီးက ကျောက်တုံးကြီးကိုကြည့်ပြီး ဒေါသတကြီးဖြင့်…..
“ဘာသဘောလဲ” ဟုမေးရာ
“တရားဥပဒေဆိုတာ ကျောက်စိုင်ကျောက်သားလို ခိုင်မာရတယ်လို့ဆိုလိုတာ”ဟု ကျွန်တော်ပြန်ဖြေ လိုက်ပါသည်။(သူ့မှာ ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ခဲ့ပေါ့။)
(၂)
ထိုသို့ဖြစ်ပျက်ပြီးနောက် ကျွန်တော်သေဆုံးခဲ့ရ၏။ (သတ္တဝါတို့၏ထုံးစံအတိုင်းပါပဲ။) ထိုသို့ ကျွန်တော် သေဆုံးသွားပြီး နှစ်ပေါင်းတစ်ရာမျှအကြာ။ ၁၉၆၀ ခုနှစ်ဇွန်လ ၂၀ ရက်နေ့မှာ လူ့ဘဝကို တစ်ခါပြန်လည်ရောက်ရှိခဲ့ရ၏။
ထိုအခါတွင်……
(၃)
ကျွန်တော့်ကိုဆရာဝန်ကြီးက သေချာစွာ စမ်းသပ်စစ်ဆေးပြီး အမြန်ဆုံးအရေးပေါ် ခွဲစိတ်ရမည်ဆို၏။ ခွဲစိတ်ခန်းထဲသွင်းဖို့ပြင်ဆင်နေစဉ်မှာ ဘယ်သူမှမမြင်အောင် (ကျွန်တော်သွားလေရာ အမြဲအသင့် ဆောင်ထားလေ့ရှိသည့် စာအိတ်များစွာအနက်မှ) စာအိတ်တစ်အိတ်ကို ဆရာဝန်ကြီးထံ ထောင်ပြ လိုက်ပါသည်။ ထိုအခါ ဆရာဝန်ကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့်ကျွန်တော့်ကို ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။
(၃၊က)
ထို့နောက်ခွဲစိတ်ခန်းထဲသွင်း၏။ ဆရာဝန်ကြီး၏ ပညာပြည့်ဝမှုကြောင့် ခွဲစိတ်မှုက ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။ လူနာကုတင်ပေါ်မှာ မှိန်းနေခိုက် ဆရာဝန်ကြီးရောက်လာသဖြင့် စာအိတ်ကို ပေးလိုက်ရပါသည်။ ထို့နောက်ကျွန်တော် အိပ်ပျော်သွား၏။
(၃၊ခ)
အိပ်ရာမှနိုးသည့်အချိန်တွင် ကျွန်တော့်ဘေးမှ ဆရာဝန်ကြီး ဖြတ်လျှောက်သွားသည်။ ကျွန်တော် ပြုံးပြလိုက်သည်။ ထိုအခါ ဆရာဝန်ကြီး၏မျက်နှာမှာ နီမြန်းသွားပြီး တစ်ဖက်သို့ ချာခနဲလှည့် သွားလေတော့သည်။
ကျွန်တော့်စာအိတ်ထဲမှာ….
“မေတ္တာရှေ့ထား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးများစွာတင်ပါသည်။”ဟု ရေးထားပါသည်။ ကျွန်တော် စာအိတ်ထောင်ပြစဉ် တုန်းက ဆရာဝန်ကြီး ဘယ်လို ထင်သွားသလဲမသိပါ။ အဲဒီ သူ့ရဲ့တစ်ဖက်သတ် အထင်အတွက်လည်း ကျွန်တော်ဘာမှ မတတ်နိုင်ပါ။ (တကယ်တမ်း စိတ်မကောင်းဖြစ်ရုံက လွဲလို့ပေါ့။)
(၄)
ကျွန်တော်သေသွားပြန်ပါပြီ။ (သတ္တဝါတို့၏ထုံးစံအတိုင်းပါပဲ။) အဲဒီလိုသေပြီး နှစ်ငါးဆယ်ခန့်အကြာ ၂၀၈၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ လူ့ဘဝထဲကိုရောက်ရပြန်လေ၏။
ထိုအခါတွင်လည်း……
ကိုဦးဆွေ
[ချယ်ရီမဂ္ဂဇင်း ၂၉၊ ဇွန် ၁၉၉၇]
ခံစားသူအကြိုက် မဂ္ဂဇင်းဝတ္တုတိုများ ၁၉၉၇
ဥတ္တရလမင်း၊ ပထမအကြိမ်
၁။ဇူလိုင်။၁၉၉၈
No comments:
Post a Comment