Friday, October 28, 2011
လွမ်းလို့ရေးတဲ့စာ.... ဖျားလို့ရေးတဲ့စာ....ပျင်းလို့ရေးတဲ့စာ
Thursday, October 6, 2011
ဆေး (သုမောင်)
ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းတွင်လည်း ကွယ်လွန်ချိန်အထိ အဖေနှင့် အမေတို့သည် မောင်နှမလိုမျိုး၊ သူငယ်ချင်းလိုမျိုး နေနိုင်ခဲ့ကြပါသည်။
"အညို…. ကိုယ်မှားပါတယ်" ဟု အဖေက အမေ့လက်ပေါ် မျက်နှာမှောက်လျှက် မျက်ရည်တွေတွေကျခဲ့တာကို ကျွန်တော်မှတ်မိနေပါသည်။ အမေ အလုပ်လုပ်သော ကျောင်းမှာဖြစ်ခဲ့ခြင်းဖြစ်သည်။
"အဲဒီတုန်းကတည်းက အမေ့ဆံပင်တွေဖြူဖွေးကုန်တာပါပဲ သားရယ်" ဟု အမေပြောခဲ့သည်ကိုလည်း ယနေ့တိုင် နားထဲကမထွက်နိုင်ပါ။
သူတို့သည် မချစ်ကြ၍မဟုတ်ပဲ မကြိုက်ကြတော့၍ လမ်းခွဲလိုက်ပုံရပါသည်။ သူတို့၏ အတွင်းစိတ်ကိုခန့်မှန်းရခက်ပါသည်။ သို့သော် စောစောက ပြောသလို ၅၂၈ သွယ်သော မေတ္တာဖြင့်တော့ ချစ်ခင်မပျက်နေနိင်ကြလေသည်။ ဤသို့ နေထိုင်လာခဲ့ကြသည်မှာ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်ကြချိန်အထိဖြစ်ပါသည်။
ကျွန်တော်ယခုပြောပြလိုနေသည်မှာ မှတ်မှတ်ရရ ၁၉၈၅ ခုနှစ်က အကြောင်းအရာ ဖြစ်ပါသည်။ ထိုစဉ်က အဖေနှင့် အမေတို့သည် အသက် ၇၀ ကျော်တွေဖြစ်နေကြပါပြီ။ အတူတော့ဖြင့်မနေကြပါ။ အဖေက ဝင်ဒါမီယာမှာ… အမေက သင်္ဃန်းကျွန်းမှာပါ။ ထိုကာလတွင် ကျွန်တော်သည် အဖေနှင့် အတူ အပေါ်ထပ် အောက်ထပ်နေခဲ့ကြပါသည်။ တစ်နေ့တွင် အဖေ့ ထံမှစာတစ်စောင်နှင့် ဆေးပုလင်းတစ်ပုလင်း အောက်ထပ်သို့ရောက်လာပါသည်။ အဖေနှင့် ကျွန်တော်က စာဖြင့် စကားပြောကြသည်။
"ဗလကြီး…….
မင့် အမေအတွက် ပလူဗီမင် အားဆေး ပေးလိုက်တယ်။ ခက်ခက်ခဲခဲရှာတွေ့တာ။ ဆေးတောင့် နဲ့ ပုလင်းက အမျိုး မတူဘူး။ ရရာ ပုလင်းနဲ့ ထည့်ပေးလိုက်ရတယ်။ ဒီဆေး ကဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က မင့်အမေ အားနည်းလို့ ငါဝယ်ပေးနေကျဆေးပဲ၊ ခုလည်း သူအားနည်းနေပြန်ပြီကြားလို့ ရှာဝယ်ခဲ့တာ၊ ငါကပေးတယ်လို့ ပြောဖြစ်အောင်ပြော။
ဖေဖေ"
ထိုဆေးပုလင်းကို အမေ့ထံလူကြုံဖြင့် ကျွန်တော် ပို့ပေးခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် အမေ့ထံမှ တယ်လီဖုန်းဝင်လာပါသည်။
"သားလား"
"ဟုတ်ကဲ့ပါ"
"အမေပါ"
"ပြောပါအမေ"
"မင့်အဖေ ပို့လိုက်တဲ့ဆေး အမေ ရတယ်၊ အဲဒါ….."
"ဒါများ အမေရယ်၊ အထူးအဆန်း ပြောနေရသေးတယ်"
"ဟဲ့…..ထူးတာရှိတယ် သားရဲ့"
"ဘာများလဲ အမေ"
"မင့်အဖေကို ပြောလိုက်စမ်းပါ သားရယ်၊ အမေ ဖုန်းဆက်တယ်လို့"
(ကျွန်တော်နှင့် အမေတို့၏ ရယ်သံများရောထွေးသွား၏။)
"အမေနဲ့ အဖေ ကင်းကွာသွားပြီးပေမယ့် ဒီလိုပဲ ဖုန်းဆက်ဆက်နေတာ ဘာထူးဆန်းလို့လဲ"
"ဆန်းပါသော်ကော သားရယ်၊ အဲဒီ ပလူဗီမင်ဆေးက မင့်ကိုမမွေးခင် အကြီးဆုံးကောင် အာယု (ယခု အငယ်ဆုံး ဒါရိုက်တာ အာယု မဟုတ်ပါ။ ကွယ်လွန်သွားသူ ကျွန်တော့် အကိုအကြီးဆုံးမှာလည်း အာယုပင် ဖြစ်၏။ အာယု၊ ဝဏ္ဏ၊ သုခ၊ ဗလ ဟူ၍ ရှိရာ အာယု နှင့် သုခ မှာ ကွယ်လွန်နှင့်ပါပြီ။) အေး…. အဲဒီ အာယု မွေးတုန်းက မင့်အဖေက အမေ့ကို ဝယ်တိုက်ခဲ့တာ ပလူဗီမင်ပဲ၊ ဒီဆေးမျိုးပဲ"
"အင်းလေ….အမေရဲ့ ၊ အဲဒါက ဘာဖြစ်သလဲ"
"ဟဲ့ ဖြစ်ပါပြီကော သားရယ်၊ ဖြစ် ဖြစ် ဖြစ်ဖြစ် နဲ့တောင် မြည်နေသေးတယ် သားရဲ့"
"အမေ ပြောတာ ကျွန်တော်မရှင်းဘူး အမေ"
(အမေ၏ ရယ်မောသံများ)
"ဒီလိုသားရဲ့ ၊ အဲဒီဆေးကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အမေ အားနည်းလို့ဆိုပြီး မင့် အဖေက အမေ့ကို ပုလင်းလိုက် ဝယ်တိုက်ခဲ့ဖူးတယ်"
"ဟုတ်ကဲ့ အဖေလည်းပြောပါတယ် အမေ"
"အေး… အခုတော့ အလုံးလိုက်ပဲ ဝယ်လို့ရသလား မသိပါဘူးကွယ်၊ ဘားပလက်ပုလင်းကြီးနဲ့ ထည့်ပေးလိုက်တယ်"
"အဲဒါ ဘာဖြစ်လို့လဲ အမေ၊ ဆေးချင်း အတူတူပဲဟာ"
(အမေ၏ ရယ်သံမှာ ကြည်နူးဖွယ် ဖြစ်နေပါသည်။)
"ဒီလိုကွယ့်၊ အဲဒီတုန်းက မင်းအဖေဝယ်ပေးခဲ့တဲ့ ပုလင်းဟောင်းက ခုထိ အမေသိမ်းထားတာ ရှိနေသေးတယ်၊ ဒီတော့ ခု မင့် အဖေပေးလိုက်တဲ့ ဘားပလက် ပုလင်းထဲက ဆေးတွေကို ပုလင်းဟောင်းထဲ ပြန်ပြောင်း ထည့် ပြီးပြီ။ မင့် အဖေကိုပြောလိုက်စမ်းပါ၊ လွန်ခဲ့တဲ့ နှစ် ၄၀ က ပုလင်း၊ အမေသိမ်းထားတာ ခုထိရှိသေးတယ် လို့။ အမေ ခုနကပဲ စပြီးသောက်တယ်လို့"
အမေ၏ ရယ်သံများမကြားရတော့ပါ။ အမေကတော့ ကြည်နူးစွာ ရယ်နေဆဲဖြစ်ပါသည်။ ဒါပေမယ့် ကျွန်တော်က မကြားရပါ။ ရယ်မောရမည့် အစား မျက်ရည်များ လည်လာပါတော့သည်။
လွန်ခဲ့တဲ့ နှစ် ၄၀ က ပလူဗီမင်ဆေးနှင့် ယခု ပလူဗီမင်ဆေး အာနိသင်တူသေးရဲ့လားတော့ ကျွန်တော်မသိပါ။ ဆေးတော့ ဆေးပါပဲ။ ဓာတုဗေဒတွေ ကွာချင်ကွာနေပေလိမ့်မည်။ ဆေးပုံသဏ္ဍန်ပြောင်းချင် ပြောင်းသွားပေလိမ့်မည်။ အရောင်လည်းတူချင်မှ တူပေမည်။
သို့သော်........
ဆေးကတော့ ဆေးပါပဲ။
ဒါပေမယ့် အားဆေး။
ဟုတ်ပါ့.... ကျွန်တော့် အဖေပေးတဲ့ အားဆေး။
ကျွန်တော့် အမေအတွက် အားဆေး။
အဖေ က နှစ် ၄၀ ကျော်က ဆေးကိုမှတ်မိလို့ ဝယ်ပေးခြင်းဖြစ်သည်။ အမေက ဟို နှစ် ၄၀ ကျော်က ဆေးပုလင်းလွတ်ကို သိမ်းထားသူဖြစ်သည်။
ဘယ်သူက အချစ်ပိုခဲ့ပါသလဲ.....။
ဘာပဲဖြစ်ဖြစ် အမေသည် အသက် ၈၇ နှစ် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၉ ၇က်နေ့ကျမှ အေးချမ်းစွာ ပြုံးပြုံးကလေး ကွယ်လွန်ခဲ့တာကတော့ သေချာလှပါသည်။ ဆေးကောင်းတစ်လက်ကြောင့် ပင်.....။
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၈)
Wednesday, October 5, 2011
စက္ခုဥာဏဖိုးထူး - နုနုရည် (အင်းဝ)
Thursday, September 22, 2011
အများနှင့်သက်ဆိုင်သော
ဟိုးရှေးတုန်းကရှိခဲ့တဲ့ရေ
တို့ဘိုးဘေးတွေသုံးခဲ့တဲ့ရေ
တို့သားမြေးတွေ သုံးစွဲဖို့ရေ..........
တို့ချစ်တဲ့.........ဧရာဝတီ ရဲ့....... ရေ။
ဒီ ရေ ကနေ........မြေဖြစ်တာလည်းရှိ.....
ဒီ ရေ ကနေ.......ရွှေဖြစ်တာလည်းရှိ...........
ဒီရေ ကြောင့်...စည်ပင်.........
ဒီရေ ကြောင့် ကြည်လင်..........
ဒီရေ ကြောင့်ပျော်ရွှင်နေကြတာကို.............
ဘာ………..ခုမှ
ရွှေညာဏ်တော်စူးရောက်
ဆည်ဖောက်မလို့……. ဟုတ်စ..........?
ဒီမှာ.....ဒီမှာ........
ပြောပါရစေ....
ငါ..အသိ…..ငါ…အတတ်
ငါသာလျှင်ပညာရှင်မို့
ငါ့သဘောပဲဆိုပြီး
ငါတကော…ကော..ရအောင်
ဧရာဝတီ......ဆိုတာ
တယောက်ထဲနဲ့ဆိုင်တာ
မဟုတ်ဘူး……………….။
Tuesday, July 12, 2011
From here to there!
Saturday, July 9, 2011
Thursday, June 9, 2011
ဘဝဆိုတာ.... သည်လိုလား
Wednesday, June 8, 2011
မသီတာအတွက်စာတစ်စောင်
Saturday, May 14, 2011
မျောလွင့်နေတဲ့တိမ်.............
မုန့်ဟင်းခါး
ပြီးခဲ့တဲ့ ၂ပါတ်လောက်ကတည်းက မုန့်ဟင်းခါး
အရမ်းကို စားချင်နေတာ
ဒီနေ့တော့ မနေနိုင်လို့
ဖြစ်ရင်လည်းဖြစ်
မဖြစ်ရင်လည်း တခါထဲစိတ်ပျက်ပြီး စားချင်စိတ်ကုန်သွားအောင်ဆိုပြီး
ရှိတဲ့ Tuna ဗူးလေးဆီသတ် အရည်သောက်လေးချက်လိုက်တယ်.....
ငရုတ်ကောင်းနည်းနည်းများသွားလို့ ပူတာရယ်
ငံပြာရည် နည်းနည်းများသွားလို့ ငန်တာရယ်
ရေနည်းနည်းများသွားလို့ ကျဲတာရယ်ကလွဲပြီး
မဆိုးပါဘူး
ကောင်းသားပဲ..........
တယောက်ထဲ မုန့်ပန်းကန်ကြီးကြည့်
ပြုံးပြီးစားနေမိတယ်.............
Sunday, May 8, 2011
တခါတလေ (R Zar Ni )
တခါတလေ..........
Friday, May 6, 2011
ခက်ခက်
Sunday, April 24, 2011
This's my Sunday!
Wednesday, March 30, 2011
Friday, February 25, 2011
၂၀၁၁ ရဲ့ ဗယ်လင်တိုင်း
Saturday, February 5, 2011
♥ချစ်မိတဲ့အခါ♥.
♥...♥*´`*•.¸
ဝေးများဝေးမလား
တွေးပြီးပူရ
ဘဝအကြောင်း
ထပ်ပြောင်းစဉ်းစား
ဘာမှန်းမသိ
အလိုလိုစိတ်စော
မောလည်းမောတယ်
ဘာကိုမသိ
ဝမ်းနည်းမိပြန်
ကြောက်နေဟန်နဲ့
ဘာမှမရှိလည်း
မျှော်လင့်ဆဲကွယ်
တယောက်ထဲလည်း
စောင့်ရင်းငိုမိ
ဘာကြောင့်လည်း
မသိ.......။
အမေ့အိမ်နဲ့အဝေးမှာ
ရေမြေခြားလို့ တနယ်တကျေး အမေ့အိမ်နဲ့အဝေးကိုရောက်နေတော့
ကိုယ့်ကိစ္စမှန်သမျှကိုယ်လုပ် ကိုယ့်အားကိုယ်ကိုး နေရလို့
ငါလုပ်နိုင်သားပဲ ငါတတ်နိုင်သားပဲဆိုပြီး
ငါတလုံးနဲ့ စိတ်ကြီးဝင်မိတာတမျိုး.....
အိပ်ချင်ရင် အိပ် ထချင်မှထ စားချင်ရင်စားမစားရင်နေ
ကိုယ့်သဘောကိုယ်ဆောင် အော်သူမရှိ ငေါက်သူမပါ
နေ့စဉ်ဘဝ ကိုယ့်မင်းကိုယ်ချင်း လွတ်လပ်ခြင်းအရသာခံစား
ပျော်နေမိပေမယ့် အရာရာ မပြည့်စုံတာအမှန်ပါ............
ဘာဖြစ်ဖြစ်တွေ့ရာအကုန်စား သိပ်ချေးမများတတ်တဲ့ သူက
အချိန်မရတာရယ် ပျင်းတာရယ်ပေါင်းလို့.. ဒီမှာ ထမင်းတအိုး ဟင်းတအိုးချက်
ရေခဲသေတ္တာထဲပစ်ထား စားခါနီးမှနွေးပြီး
စားချင်ချင် မစားချင်ချင်
မကုန်မချင်း စားနေရတဲ့အခါ.....................
အမေ့အိမ်မှာနေစဉ်က
မနက်ကချက်တဲ့ဟင်း ညနေပြန်စားရရင် ရင်ထဲကသိပ်မကြည်ချင်
မေ့ ဒီဟင်းပဲလား.....လို့ မေးပြီး မျက်နှာညိုတတ်တာကြောင့်
ညနေဟင်းအသစ်ထပ်မချက်ဖြစ်တဲ့နေ့ဆို
အသုပ်ဖြစ်ဖြစ် အရွက်ကြော်ဖြစ်ဖြစ်အရံလုပ်ပေးထားတတ်တဲ့
အမေ့ထမင်းဝိုင်းကိုလွမ်းတယ် ။
အခုလို ရာသီဥတုဆိုးတဲ့အချိန် ဖျားချင်သလိုလိုဖြစ်.....
အာသီးယောင် လည်ချောင်းတွေနာနေပေမယ့်
ပျင်းပေကပ်ပြီး ဆေးခန်းလည်းမသွားချင်
အိမ်ကထည့်ပေးလိုက်တဲ့ ဆေးတသေတ္တာ လေဘယ်လ်တွေ အပြည့်နဲ့ရှိနေလည်း
ဘာဆေးသောက်ရမှန်းမသိ
ဆေးဆိုတာ ကိုယ့်ဘာသာသောက်ရတဲ့အရာလို့ကိုမထင်မိ
ဆေးမသောက်ဖြစ် လို့ ဖျားသင့်တဲ့အချိန်ထက် အဖျားတာရှည်တဲ့အခါ ..............
ရာသီပြောင်းပြီဆိုတာနဲ့ အမတွေက အရိပ်တကြည့်ကြည့်
အချိန်တန်ရင်သောက်ရမယ့်ဆေးအဖုံဖုံအပြင်.....
ခံတွင်းရှင်းအောင် ကျင်းရမယ့် ဆားရေကို ကိုယ်သုံးရမယ့်အချိန် မပူမအေးအမြဲနွေးနေအောင်
အဆင်သင့်ရှိနေစေတတ်တာ သတိရတယ်။
တခါတလေတော့လည်း
အော်သံငေါက်သံ ဆူဆူညံနဲ့
ထမင်းဝိုင်းလက်တင်စား
အမေ့သမီး အငယ်စားလေးဘဝကို လွမ်းတယ်.....................